ဘာသာပြန်၊ ဧပြီ(၂၁)
မက္ကဆီကိုနိုင်ငံက စားသောက်ဆိုင် တစ်ဆိုင်မှာ စားသောက်နေတုန်း လေးနှစ်သမီးငယ်ကို မဖွယ်မရာလုပ်နေတဲ့ ဖခင်ရဲ့လုပ်ရပ်ကို စားပွဲထိုးအမျိုးသမီးက ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပါတယ်။
ဒီဗီဒီယိုဖိုင်မှာ တဘာစကိုပြည်နယ် ဗယ်လာဟာမိုဆာမြို့က စားသောက်ဆိုင်မှာ ဖခင်ဖြစ်သူဟာ သမီးဖြစ်သူကို ပေါင်ပေါ်တင်ထားပြီး စားပွဲအောက်ကနေ လက်နဲ့ကလေးငယ်ကို မဖွယ်မရာလုပ်နေတာကို တွေ့ရပါတယ်။ ဒီလိုလုပ်နေချိန်မှာ စားပွဲဝိုင်းမှာ အတူစားသောက်နေတဲ့ တခြားသူတွေနဲ့လည်း ဟန်မပျက်စကားပြောနေပြီး ကလေးငယ်က ဂိမ်းကိုပဲ အာရုံစိုက်ကစားနေတာကို တွေ့ရပါတယ်။
ဒီဗီဒီယိုဖိုင်ကို စားပွဲထိုးအမျိုးသမီးက လူမှုကွန်ယက်စာမျက်နှာမှာ တင်လိုက်ပြီးတဲ့နောက် မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားပြီး တာဝန်ရှိသူတွေ သိသွားတာဖြစ်ပါတယ်။
ဒီလူကိုရှာဖွေနိုင်ဖို့ ဒီမြို့ကလူတွေအပြင် အင်တာနက်သုံးစွဲနေတဲ့ တက်ကြွလှုပ်ရှားသူများစွာက ကူညီခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မက္ကစီကိုမြို့တော်မှာ ဘတ်စ်ကားစီးဖို့စောင့်နေစဉ်မှာပဲ အသက် ၄၈ နှစ်အရွယ် ဂျူယန်ဗင့်စ်တီ ဟာနန်ဒက်ဇ်လီယွန်ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
သူဟာ မတ်လ ၂၇ ရက်နေ့က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲလူပဲဆိုတာကို အတည်ပြုထားပါတယ်။
“ဗီဒီယိုဖိုင်ထဲက မဖွယ်မရာလုပ်နေသူလို့ အတည်ပြုနိုင်ခဲ့တဲ့ ဂျူယန်ဗင့်စ်တီ ဟာနန်ဒက်ဇ်လီယွန်ကို ဘတ်စ်ကားနဲ့ခရီးသွားနေတုန်း ဧပြီလ ၁၁ ရက် နေ့လယ်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်”လို့ ရဲတပ်ဖွဲ့က တွစ်တာမှာ ရေးသားထားပါတယ်။
မိန်းကလေးငယ်ကိုတော့ ဆေးစစ်မှုတွေ လုပ်ပေးနေတယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
ဒီလိုဖြစ်နေချိန်မှာပဲ ကလေးရဲ့မိခင်ဖြစ်သူက သူ့ခင်ပွန်းဟာ မတရားဖမ်းဆီးခံရတာပါဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။
“သူ့အဖေက မဖွယ်မရာလုပ်နေတယ်ဆိုရင်တောင် ကလေးက ဘာမှမသိပါဘူး”လို့ ဇနီးဖြစ်သူ အယ်လ်ဂိုမီဒါက ဆိုပါတယ်။
ကလေးကို သူတို့ဆီက ခွဲထုတ်ထားတာကြောင့် စိတ်ထိခိုက်မှု ခံစားရနိုင်တယ်လို့လည်း သူကဆိုပါတယ်။ တဘာစကိုပြည်နယ်ရဲ့ ဥပဒေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်အနှစ် နှစ်ဆယ်အထိ ကျခံရဖို့ရှိနေပါတယ်။
ဘာသာပြန်။ ။ ဇာနှင်းထိုက်
Ref; dailymail.co.uk
...........