ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော် အားကစားနှင့် ပျော်ပွဲရွှင်ပွဲများအား ဇန်န၀ါရီ(၇)ရက်နေ့တွင် ကျင်းပနေကြောင်း သိရသည်။
အဆိုပါကျောင်း၏ ပညာရေးစုံညီပွဲတော်အား ဇန်န၀ါရီ(၆)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီးနောက် အားကစားနှင့် ပျော်ပွဲရွှင်ပွဲများအား ဆက်လက်ကျင်းပပေးနေခြင်းဖြစ်သည်။
"အဓိကက ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ဂုဏ်ထူးတွေနဲ့အောင်မြင်ခဲ့တဲ့ ကလေးတွေကို ဂုဏ်ပြုဖို့နဲ့ နောက်နှစ်မှာ ကလေးတွေပိုကြိုးစားလာနိုင်အောင် ပြုလုပ်ပေးတာပါ.."ဟု ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။
၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အဆိုပါ အထက်တန်းကျောင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၁၉)ဦးအား ဂုဏ်ပြုလက်မှတ်ကို ပညာရေးစုံညီပွဲတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည့် ပညာရေးစုံညီပွဲအခမ်းအနားသို့ တာချီလိတ်မြို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းနှင့် အစိုးရအထက်တန်း ကျောင်း(၄)ကျောင်း ရှိကြောင်း သိရသည်။
ဓါတ်ပုံ။ ။ အောင်ကျော်ဝင်းစိန်