ထိုင်းနိုင်ငံသားများမှ ဒီဇင်ဘာလ နှစ်သစ်ကူး အခါတွင် မယ်ဆိုင်မြို့မှ တဆင့် မြန်မာနိုင်ငံ တာချီိလိတ်သို့ သွားရောက် လည်ပတ်မည်ဆိုပါက မြန်မာဘက် အာဏာပိုင်များမှ ၎င်းတို့အား ဒဏ်ပြန် ဆီးစစ်ခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး ဆီးစစ်၍ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ပေါ်ပေါက်ပါက ထောင်ဒဏ်(၅)နှစ် အရေးယူမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုရှယ်နက်ဝေါ့များပေါ်တွင် ပျံ့နှံ့နေလျက်ရှိကြောင်း သိရှိရသည်။
၂၀၁၅ခုနှစ် မတ်လ(၂၁)ရက်နေ့က စတင်ပြီး အမည်ရှိ chiangraifocus အင်တာနက် စာမျက်နှာ နှင့် ဆိုရှယ်နက်ဝေါ့များ ပေါ်တွင် "အခုလာမယ့် အပတ်ကနေစပြီး တာချီလိတ်ဂိတ်ရှိ တာဝန်ကျသော ရဲနှင့် စစ်သားများက မြန်မာပြည်ထဲ ဝင်ရောက်လာသော သူများကို ဆီးစစ်ပါမည်။ အကယ်၍ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိပါက ဥပဒေအရ ချက်ချင်း ထောင်ဒဏ်(၅)နှစ် အရေးယူပါမည်.."ဟု ရေးသား ဖော်ပြထားရှိသည်။
ယင်းအပြင် မြန်မာဘက်မှ ယခုလို ညွှန်ကြားစာ မထွက်မီက မြန်မာနိုင်ငံသား (၁၀၀)ကျော် အပေါ် ထိုင်းနိုင်ငံသား လူတစ်စုမှ ထိုင်းရဲ နှင့် စစ်တပ်ကဟု ပြောဆိုကာ ဆီးစစ်ခြင်းများ ပြုလုပ်ရာတွင် ဆီးစစ်ရာ၌ ချောင်းဆိုးပျောက်ဆေးနှင့် ခေါင်းကိုက်ပျောက်ဆေးကြောင့် ဆီးမှာ အရောင်ပြောင်းတတ်ခြင်းများကြောင့် မူးယစ်ဆေးဝါး သုံးစွဲကြောင်း ပေါ်ပေါက်သည်ဟု သတ်မှတ်ကာ တစ်ဦးလျှင် ထိုင်းငွေ(၅၀၀၀/၁၀၀၀၀)ဘတ် အထိ ဒဏ်ငွေ ဆောင်ခိုင်းသည့် ကိစ္စများကြောင့် မြန်မာဘက်မှ ထိုင်းနိုင်ငံသားများကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ယခုလို ဒဏ်ကြေး မသတ်မှတ်ဘဲ၊ ထောင်ဒဏ်(၅)နှစ် အရေးယူမည်ဟု သတ်မှတ်လိုက်တာ ဖြစ်ကြောင်းလည်း ရေးသားထားကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ Website များတွင် "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က တာဝန်ရှိသူများနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီး၊ မြန်မာနိုင်ငံသားများကို ဖမ်းဆီးစစ်ဆေးတဲ့ ရဲဟာ အမှန်တကယ် တရားဝင်ရဲ ဟုတ်/မဟုတ် စစ်ဆေးခံရတဲ့ မြန်မာနိုင်ငံသားများကို ပြန်ပြီးမေးမြန်းခိုင်းမယ်၊ ဘာကြောင့်လဲ ဆိုတော့ ထိုင်းဘက်က ဂိတ်များမှာ စစ်ဆေးတိုင်း ရဲနှင့်အတူစစ်သားတွေက ထိုင်းရော၊ နိုင်ငံခြားသားရော မခွဲခြားဘဲ လူတိုင်းကို ပေါ်တင်စစ်ဆေးနေတာပါ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပက်သက်ပြီး တာဝန်ရှိသူများကို ပြန်လည်စစ်ဆေးပြီး အဖြေအားလုံးကို အမှန်တကယ်ဖော်ထုတ်ပါမယ်.."ဟု ထိုင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး၏ အပြောလည်း ပါရှိသည်။
ထို့နောက် ထိုင်းနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့မှ နိုင်းဝီချိုင်းက " ဒီကိစ္စဟာ နိုင်ငံအဆင့် ပြဿနာတော့ မဟုတ်ပါဘူး၊ အကြောင်းအရာ ဘယ်လိုဖြစ်လဲ ဆိုတာကို အခုတာဝန်ရှိသူများက ညှိနှိုင်း ဆွေးနွေး နေပါတယ်၊ အခုလို ပြောဆိုမှုဟာ တစ်ဦးနှင့်တစ်ဦး အထင်လွှဲမှားသွားတာလည်း ဖြစ်နိုင်ပါတယ်၊ အခုကိစ္စဟာ မြန်မာဘက်က တုံ့ပြန်မှုလို့ယူဆကြရတယ်"ဟု ပြောဆိုထားသည်ကိုလည်း ရေးသားဖော်ပြထားသည်။
ထိုင်းဘက် တာဝန်ရှိသူများက "ဒီကိစ္စက မြန်မာဘက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် လုပ်တာလည်း ဖြစ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး အကြောင်းအရာကို ထိုင်းနိုင်ငံသားများထံ ပြန်လည် အသိပေးပါမည်"ဟု ဖော်ပြထားရှိသည်။
ယခုလို သတင်းများ ပျံ့နှံ့နေသည့် ကိစ္စနှင့် ပတ်သက်၍ "ယင်းကိစ္စသည် သာမန်တော့ မဖြစ်နိုင်ကြောင်း၊ ထိုင်းကဲ့သို့ မြန်မာဘက်မှ ဒဏ်ပြန်စစ်ဆေးရန် ညွှန်ကြားချက်များ လတ်တလောမှာ မရှိသေးကြောင်း၊ တခုခု လွဲချော်နေခြင်းသာ ဖြစ်ကြောင်း အပြင် ယခုလို သတင်းမှားများ ပျံ့နှံ့နေမှုသည် မြန်မာ - ထိုင်း နှစ်နိုင်ငံ ခရီးသွားလာမှုကို ထိခိုက်စေနိုင်ကြောင်း.."ခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင် တစ်ဦးမှ သုံးသပ်ပြောဆိုသည်။
မြန်မာဘက်တွင် မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ / မရှိကို ထိုင်းနိုင်ငံကဲ့သို့ အကြောင်းမဲ့ စစ်ဆေးခွင့် မရှိကြောင်း၊ ပြစ်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာမှသာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆီးစစ်ဆေးခြင်းများကို ပြုလုပ်နိုင်တာဖြစ်ပြီး၊ ထိုင်းနိုင်ငံကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲသူများကို စစ်ဆေးတွေ့ရှိရပါက စိတ်ဓါတ်ပြန်လည်ပြုပြင်ရေးအဖြစ် ထောင်ဒဏ်(၂၁)ရက် ချမှတ်သည် မဟုတ်ဘဲ၊ ဥပဒေအရ ထောင်ဒဏ် (၅)နှစ် ပြစ်ဒဏ်ပေးကြောင်း မြန်မာဘက် မူးယစ်တပ်ဖွဲ့မှ သိရသည်။