ထိုင်းဘက်မှ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသား (၁၉)ဦးအား လာရောက်လွှဲပြောင်း

ထိုင်းဘက်မှ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသား (၁၉)ဦးအား လာရောက်လွှဲပြောင်း
ဒီဇင်ဘာ 9, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း အထောက်အထား ခိုင်လုံမှု မရှိသည့် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီး မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ထိုင်းရဲလ၀ကများက ပြန်လည် လွှဲပြောင်းလာမှုများကို အပတ်စဉ် ပြုလုပ်လျက်ရှိရာ ယနေ့ ဒီဇင်ဘာလ(၉)ရက်နေ့တွင် မြန်မာနိုင်ငံသား(၁၉)ဦးအား လွှဲပြောင်းလာကြောင်း သိရသည်။

ယခုလို လွှဲပြောင်းလာမှုနှင့် ပတ်သက်၍ ထိုင်း လ၀က အရာရှိ မာနာ သုန်ဂရီ က"ပြစ်မှုတွေကတော့ တခြား မဟုတ်ပါဘူး၊ တရားမ၀င် နေထိုင်မှုဖြစ်ပါတယ်၊ (၁၉)ယောက်ထဲက တစ်ယောက်ကတော့ မူးယစ်ဆေးဝါး သုံးစွဲထားတာတွေ့ရှိရတယ်၊ အခုဖမ်းမိတာက မယ်ကျန့် တောင်ကြားဂိတ်မှာ ကျွန်တော်တို့ ထိုင်းရဲ တွေက ဖမ်းမိတာပါ ၊ ရဲကနေတဆင့် ကျွန်တော်တို့ဆီ(လ၀က)ကို လွှဲပေးလာတဲ့အခါမှာ ကျွန်တော်တို့က မြန်မာဘက် သက်ဆိုင်ရာကို ပြန်လွှဲပေးရတာပါ.."ဟု အမှတ်(၁)ချစ်ကြည်ရေး တံတားပေါ်တွင် လွှဲပြောင်းရာ၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းလာသည့် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသား (၁၉)ဦးတွင် အမျိုးသမီး(၂)ဦး ၊ အမျိုးသား (၁၆)ဦး နှင့် (၁၆)နှစ်အရွယ် လူငယ်အမျိုးသား (၁)ဦး ပါဝင်ပြီး၊ လားဟူ၊ ရှမ်း၊ ပလောင်စသည့် တိုင်းရင်းသားလူမျိုးများ ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်တို့ မယ်ကျန့် တောင်ကြားဂိတ် ရောက်တော့ ထိုင်းရဲတွေက ဖမ်းပါတယ်၊ အစကတော့ ကျွန်တော်တို့ကို တစ်ယောက်ကို ဘတ် (၅၀၀၀)စီပေးရင် ပြန်လွှတ်ပေးမယ်လို့ ထိုင်းရဲက ပြောတယ်၊ ကျွန်တော့်မှာလည်း အဲ့လောက်မရှိဘူးလေ၊ ကျွန်တော်တို့နဲ့ ပါလာတဲ့ တစ်ယောက်ကတော့ ဘတ် (၅၀၀၀) ပေးလို့ လွတ်သွားတယ်.." ဟု ပြန်လည်လွှဲပြောင်းမှုတွင် ပါဝင်သည့် တောင်ကြီးသား ကိုမြင့်သူ ကပြောပြသည်။

"ကျွန်တော်တို့ ဖမ်းခံရပြီးနောက် တရားရုံးကို ရောက်သွားပါတယ်၊ တရားရုံးမှာ ဒဏ်ငွေ တစ်ထောင်ဘတ် ဆောင်ခဲ့ရပါတယ်၊ နောက်ပြီး မယ်ဆိုင်လ၀ကကို ရောက်တော့လည်း (၂၀၀)ဘတ် ထပ်ဆောင်ရပါတယ်.." ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများအား ဖမ်းဆီးရမိပြီးနောက် သက်ဆိုင်ရာသို့ ပြန်လည်၍ လွှဲပြောင်းမှုများပြုလုပ်ရာတွင် ဖမ်းဆီးရမိသည့် လူဦးရေပေါ်မူတည်၍ မြန်မာဘက်သို့ တစ်ပတ်လျှင် (၂)ကြိမ်မှ (၅)ကြိမ်အထိ လွှဲပြောင်းမှုများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~