ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးသင့် ဒုက္ခသည် တိုင်းရင်းသား ပြည်သူများ အတွက် တာချီလိတ်ခရိုင်၊ တာလေမြို့၊ ရပ်ကွက်(၃)ရှိ ဘုန်းကြီးကျောင်းအတွင်း ရန်ပုံငွေ ဖျော်ဖြေပွဲအား ဒီဇင်ဘာလ(၅)ရက်နေ့က ကျင်းပပြုလုပ်ရာ အလှူငွေမှာ ထိုင်းငွေ (၁၀၀၀၀)ဘတ် နှင့် ကျပ်ငွေ(၆)သိန်းကျော် ရရှိကြောင်း ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်လတ်ထံမှ သိရသည်။
ရန်ပုံငွေ ဖျော်ဖြေပွဲတွင် တာလေမြို့ရှိ အ.လ.က ပါလိုင်မှ တိုင်းရင်းသားအက၊ အ.ထ.က တာလေမှ ရှမ်းတိုင်းရင်းသားရိုးရာအက နှင့် အ.လ.က နားအွန်မှ လားဟူတိုင်းရင်းသားအကတို့ဖြင့် ဖျော်ဖြေခဲ့ကြရာ လာရောက်ကြသည့် ဧည့်ပရိသတ်များက အလှူငွေများ ထည့်ဝင်ကြတာဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အလယ်ပိုင်းဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ မိုင်းလင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလနှင့် တပည့်ဒါယကာများမှသွားရောက် လှူဒါန်းမှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင်လည်း စစ်ဘေးသင့်ပြည်သူများအတွက် စစ်ပွဲရပ်တန့်ရေး လက်မှတ်ကောက်ခံခြင်း နှင့်အတူ အလှူငွေများလည်း ကောက်ခံကြောင်း သိရှိရသည်။
ဓါတ်ပုံ။ ။ သန့်ဇင်လတ်