ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပါလျှိုး - ကျိုင်းလပ်ဒေသတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒေသခံပြည်သူများ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှု တိုးတက်ကောင်းမွန်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရေဒီယိုစခန်းသစ်နှင့် တာဝါတိုင်တည်ဆောက်နိုင်ရေးနှင့် ပတ်သက်၍ မြေနေရာ ကွင်းဆင်းစစ်ဆေးခြင်း၊ တာလေ - ကျိုင်းလပ် (Fiber) ဖိုင်ဘာ ဆက်ကြောင်း သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား လုပ်ငန်းများ စနစ်တကျရှိပြီး၊ အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဒီဇင်ဘာလ (၁)ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု စစ်ဆေးကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တာလေ - ကျိုင်းလပ် လမ်းတစ်လျှောက် (၆၁)ကီလိုမီတာ အရှည်တွင် (96)Core နှင့် (48)Core တို့ဖြင့် ထည့်သွင်း၍ ဖိုင်ဘာလုပ်ငန်းများ သွယ်တန်းဆောင်ရွက်နေခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မှ တွဲဖက်ပြည်နယ်မန်နေဂျာ ဦးအောင်ကြည်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ် တာဝန်ခံ ဒေါ်သန်းသန်းဌေး တို့က လုပ်ငန်းများ စနစ်တကျဖြစ်ရေး၊ သတ်မှတ် ကာလ အတွင်း ပြီးစီးရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးရာ ဖိုင်ဘာ သွယ်တန်းခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် Barons & Fujikura EPC Co.,Ltd.မှ စီမံကိန်း အင်ဂျင်နီယာ
ဦးသန်းဆွေဝင်း နှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းပေးသည်။
ယင်းနောက် မိုင်းပါလျှိုးကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် အနီးတ၀ိုက်ရှိ ကျေးရွာများ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ခေါ်ဆိုမှု ကောင်းမွန်စေရန် GSM BTS (Base Transceiver Station) ရေဒီယိုစခန်းသစ် တစ်ခုနှင့် အမြင့် (၄၂)မီတာရှိ တာဝါတိုင်တည်ဆောက်နိုင်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု သတ်မှတ်လျာထားခဲ့သည်။
တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် MPT တယ်လီဖုန်းလိုင်းများ မမိသည့် နေရာများ၌ ဆက်သွယ်ရေး တာဝါတိုင်များကို နေရာအနှံ့တွင် တပ်ဆင်ရန်အတွက် အစီအစဉ်များရှိကြောင်း တာချီလိတ်ဆက်သွယ်ရေးမှ သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ကျော်နိုင်ထွန်း