ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝမ်ကျောင်ကျေးရွာ၌ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်(၃)နာရီကျော်က မော်တော်ယာဉ် တစ်စီးမှ အရှိန်ပြင်းစွာ ဓါတ်မီးတိုင်အား ဝင်တိုက်မိရာ ဓါတ်တိုင်များ ယိုင်လဲကျိုးကျ ပျက်စီးခဲ့ရသည့် အတွက် တာချီလိတ်၌ လျှပ်စစ်မီး ပုံမှန်ရရှိမှုမှာ (၂)ရက်မှ (၃)ရက်အထိ ကြာမြင့်မှာဖြစ်သည့် အတွက် မီးလင်းရေးမှ တာဝန်ရှိသူများက အများပြည်သူများ အရေးပေါ် မီးခွဲဝေအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
" နောက်ဆုံးမှာ အတိအကျ သိရတာကတော့ 22 KV ဓါတ်တိုင် (၂)တိုင် လဲသွားပြီး (၁)တိုင် ယိုင်သွားတယ်၊ အဲ့ဒီအပြင် 115 KV ဓါတ်တိုင် (၄)တိုင် လဲကျပြီး (၁)တိုင် ယိုင်သွားတယ် အဲ့ဒီအပြင် 400V (၁)တိုင်လည်း လဲသွားတယ်၊ စုစုပေါင်း (၇)တိုင်လဲသွားပြီး (၂)တိုင် ယိုင်လဲသွားတာဆိုတော့ (၉)တိုင်ပါ၊ မယ်ဆိုင် PEA က အတည်ပြု အကြောင်းကြားလာတာပါ၊"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
မြို့မီးလင်းရေးကော်မတီဝင် ဦးထိန်မင်းက "ထိုင်းဘက်က အခုလို ဖြစ်သွားတဲ့အတွက် တာချီလိတ်ဘက်မှာ မဖြစ်မနေ အရေးပေါ်သုံးနိုင်ရန် မီးလင်းရေးအပိုင်း (၂)ပိုင်းအတွက် (၁)ပိုင်းကို ( 2MW )စီ ပေးလာပါတယ်၊ အဲ့ဒီတော့ ကျွန်တော်တို့ဘက်က သုံးစွဲသူ ပြည်သူတွေကို ဦးစားပေးတဲ့အနေနဲ့ ကိုယ်ပိုင် ထရန်စဖော်မာ (Transformer)သမားတွေကို ပိတ်ထားပြီး၊ အများပြည်သူသုံး ထရန်စဖော်မာ (Transformer)တွေကို ဖွင့်ပေးပြီး အခြေအနေကြည့်ပြီး လျှပ်စစ်မီးကို ခွဲဝေပေးထားပါတယ်.."ဟု ပြောသည်။
လျှပ်စစ်မီး ခွဲဝေပေးမှုနှင့် ပတ်သက်ပြီး "ကိုယ်ပိုင် ထရန်စဖော်မာ (Transformer)မဟုတ်ဘဲ၊ အများပြည်သူသုံး ထရန်စဖော်မာအနေနဲ့ ဆိုရင် (၂၇)လုံးရှိပါတယ်၊ နေ့လည်ကတည်းက တစ်လုံးပြီး တစ်လုံး အခြေအနေ ကြည့်ပြီး ဖွင့်ပေးထားပါတယ်၊ မီးအားမနိုင်ဘူးလို့ ထင်ရတဲ့ အလုံးကို ပိတ်မှာပါ၊ အဲ့လိုမှ မပိတ်ရင်လည်း မယ်ဆိုင်က အထိုင်ကို သွားထိရင် လက်ရှိရထားတဲ့ မီးပါ ပျက်သွားနိုင်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။
အစိုးရရုံးများနှင့် ပတ်သက်၍ ပြည်သူ့ဆေးရုံကြီး (၂)ခုနှင့် ဆက်သွယ်ရေးအား (၂၄)နာရီပေးထားမှာဖြစ်ပြီး ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှုးရုံး၊ ခရိုင်ရဲရုံးနှင့် အမှတ်(၁)ချစ်ကြည်ရေးတံတားတို့အား နေ့ဘက်ရုံးဖွင့်ချိန် မှ ပိတ်ချိန်အထိ ပေးထားမှာ ဖြစ်ကြောင်းအပြင် မြို့မရဲစခန်းအား လုံခြုံရေးအရ ညပိုင်းတွင် ပေးထားမှာ ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ (၁၀)ရက် နေ့လည်ပိုင်းက အလှည့်ကျမီးရရှိရေးအတွက် ပြုလုပ်သော အရေးပေါ် အစည်းအဝေးမှ သိရသည်။
"အခု လျှပ်စစ်မီးကို မျှပေးထားတာနဲ့ ပတ်သက်ပြီးတော့ ပေးထားတဲ့ ရပ်ကွက်တွေ ဘယ်ချိန်မှာ ပြန်ပျက်မယ်လို့တော့ သတ်မှတ်လို့မရသေးဘူး၊ ကျွန်တော်တို့ဘက်က အချိန်တိုင်း စောင့်ကြည့်နေမှာပါ၊ သုံးစွဲမှု အရမ်း တက်လာရင် အဲ့ဒီ Transformerကို ပိတ်ရမှာပါ..."ဟု ဦးထိန်မင်းက ပြောသည်။
"ယိုင်လဲ ကျိုးကျသွားတဲ့ ဓါတ်တိုင်တွေနဲ့ ပျက်စီးသွားတဲ့ ထရန်စဖော်မာ (Transformer)တွေကို ပြုပြင်ဖို့ အချိန် (၂)ရက်ကြာမယ်လို့ သိရပါတယ်၊ ဇင်းမယ်က လျှပ်စစ်အဖွဲ့တွေကိုလည်း ခေါ်ထားပြီး စုပေါင်းလုပ်မှာ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ အချိန်ထက် အမြန်ဆုံးပြီးမြောက်ဖို့ အချိန်ပြည့် ဆောင်ရွက်နေကြတယ်လို့ ထိုင်း PEA က အရာရှိက အသိပေး အကြောင်းကြားလာပါတယ်"ဟု မြို့မီးလင်းရေးရုံးမှ ဦစိုင်းခမ်းမွန်းက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီး ခွဲဝေပေးမှုကို မီးလင်းရေး အပိုင်း(၂)ပိုင်း သတ်မှတ်ထားပြီး၊ လျှပ်စစ်မီးများအား ထိုင်းနိုင်ငံမှ ရယူသုံးစွဲကာ ထိုင်းနိုင်ငံဘက်တွင် ယခုလို ယာဉ်တိုက်မှုများကြောင့် ဓါတ်တိုင်များ ယိုင်လဲကျိုးကျသည့်အခါတိုင်း၌ လျှပ်စစ်မီး ပျက်လေ့ရှိကြောင်း သိရှိရသည်။
Photo: PEA Maesai