စစ်ပွဲရပ်တန့်ပြီး ပြည်တွင်းငြိမ်းချမ်းစွာ ဖော်ဆောင်ရေးကို ဦးတည်ရန် တောင်ကြီး၌ ငြိမ်းချမ်းရေးဆိုင်ရာ နှီးနှောဖလှယ်

စစ်ပွဲရပ်တန့်ပြီး ပြည်တွင်းငြိမ်းချမ်းစွာ ဖော်ဆောင်ရေးကို ဦးတည်ရန် တောင်ကြီး၌ ငြိမ်းချမ်းရေးဆိုင်ရာ နှီးနှောဖလှယ်
ဒီဇင်ဘာ 9, 2015
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ကွန်ရက်မှ ကျင်းပသော "စစ်ပွဲရပ်တန့်ရေးမှသည် ပြည်တွင်း ငြိမ်းချမ်းရေးဆီသို့"ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တောင်ကြီးမြို့၊ ရေအေးကွင်းရပ်၊ ဟုတ်ကန့်ခန်းမတွင် ဒီဇင်ဘာ(၈)ရက်မှ (၉)ရက်နေ့ အထိ (၂)ရက်တိုင်တိုင် ကျင်းပခဲ့သည်။

"စစ်ပွဲဖြစ်နေတဲ့ ဒေသတွေကိုကြည့်ရင် သယံဇာတ ထွက်တဲ့ နေရာတွေမှာဖြစ်နေတာ၊ ဒါကိုကြည့်ရင် အဓိက သယံဇာတကြောင့်ဖြစ်တဲ့ စစ်ပွဲလို့ပြောလို့ရမယ်၊ နောက်ထပ် ပြန်ကြည့်ရင် လက်မည်းကြီးဖြစ်တဲ့ တရုတ်ကိုလဲ ချန်ထားလို့ မရဘူး၊ ဒါကြောင့် စစ်ပွဲတွေရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်ရင် ပြည်တွင်း စစ်ကြီး ရပ်မယ်လို့ ယုံကြည်တယ်.."ဟု ရွှေဝါရောင် ဆရာတော် ဦးသြဘာသမှ သြ၀ါဒမိန့်ကြားခဲ့သည်။

"အဓိက ငြိမ်းချမ်းရေးကို ပြည်သူတွေကိုယ်တိုင် ပါဝင်လာစေချင်လို့ပါ၊ လက်မှတ်ထိုးတဲ့ Campaign လုပ်ရခြင်းကလည်း ပြည်သူတွေ အဓိက ပါဝင်လာနိုင်မယ့် နည်းလမ်းလို့မြင်လို့ပါ.."ဟု ပွဲစီစဉ်သူ ရှမ်း(တောင်)လူငယ်ကွန်ရက်မှ ကိုဝင့်ထယ်ကောင်းမြတ်က ပြောသည်။

"လာမယ့် အစိုးရသစ် လက်ထက်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သွားမယ်လို့ မြင်တယ်၊ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကိုလည်း ပါဝင်လာအောင် ခေါ်ဆောင်မယ်လို့ ယုံကြည်တယ်၊ လက်ရှိအစိုးရတော့ ငြိမ်းချမ်းရေးဖေါင်ဒေးရှင်း အခြေခံ အုတ်မြစ်ချခဲ့နိုင်တယ်၊ လာမယ့် အစိုးရအနေနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မြင်တယ်.."ဟု UNFC မှ ဦးခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ထိုးရန် အဖွဲ့(၁၆)ဖွဲ့မှ (၂)နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့ပြီး စာချုပ်ပေါ်တွင် အငြင်းပွါးဖွယ် ဖြစ်ပွါးမှုများ ဖြစ်ခဲ့ခြင်းကြောင့် အချို့သော အဖွဲ့ဝင်များသာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ အိန္ဒိယအစိုးရ၏ ကန့်ကွက်မှုကြောင့် လက်မှတ်ထိုးရန် ပယ်ဖျက်ခြင်း ခံခဲ့ရကြောင်း၊ ဆွေးနွေးပွဲတွင် (၁၄)ဖွဲ့ လက်မှတ်ထိုးရန် စီစဉ်ခဲ့သော်လည်း (၆)ဖွဲ့ ကျန်ခဲ့သဖြင့် (၈)ဖွဲ့သာ ထိုးနိုင်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

အခမ်းအနားတွင် စစ်ဘေးဒဏ် သင့်ပြည်သူများ၏ ဘ၀ရပ်တည်ချက်နှင့် ယခုကြုံတွေ့နေရသော အခြေအနေများအား စစ်ဘေးသင့်ပြည်သူများ လာရောက် ရင်ဖွင့်ခဲ့ပြီး၊ ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် ပန်းချီ၊ ကဗျာ၊ တေးသီချင်း နှင့် သရုပ်ဖော်မှုဖြင့် တင်ဆက်ခဲ့ပြီး လက်မှတ်များနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား ရှမ်းပြည်နယ်အတွင်းနှင့် နိုင်ငံအနှံ့အပြားရှိ စစ်ပွဲရပ်တန့်ရေးအတွက် ပြည်သူများ ရေးထိုးထားသော လက်မှတ် လိုက်လံကောက်ခံခဲ့သည့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး၊ နိုင်ငံရေး ပါတီများ၊ ရွှေဝါရောင်သံဃာတော်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ပွဲများရပ်တန့်ရေးအတွက် ပြည်သူများ ရေးထိုးထားသော လက်မှတ်များ ကောက်ခံရရှိမှုမှာ (၉၀၀၀)ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ။  ။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~