တာချီလိတ် Mobile Team အဖွဲ့မှ တာလေတိုးဂိတ်အနီး အခွန်မဲ့ပစ္စည်းများကို ရှောင်တခင် ဖမ်းဆီးသိမ်းဆည်း

တာချီလိတ် Mobile Team အဖွဲ့မှ တာလေတိုးဂိတ်အနီး အခွန်မဲ့ပစ္စည်းများကို ရှောင်တခင် ဖမ်းဆီးသိမ်းဆည်း
ဒီဇင်ဘာ 8, 2015
By Tachileik News Agency

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team)ဖြစ်သည့် တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒီဇင်ဘာလ၏ ပထမအပတ်က အကောက်ခွန်မဲ့ ဖမ်းဆီးရမိသော စားသုံးကုန်များနှင့် အသုံးအဆောင် ပစ္စည်းများကို တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားရန် လွှဲပြောင်းထားရှိကြောင်း တာချီလိတ် Mobile Team အဖွဲ့မှ သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ထုတ်နှုတ်အင်အား Mobile Team မှ ညွှန်မှူး ဦးအောင်သူရ ကြီးကြပ်သည့် ဦးစီးအရာရှိ ဦးရည်ချွန် အဖွဲ့မှ ဒီဇင်ဘာလ (၄)ရက်နေ့၊ နေ့လည်ပိုင်းက တာချီလိတ် - ကျိုင်းတုံလမ်းကြောင်းပေါ်ရှိ တာလေ တိုးဂိတ်အနီး၌ ရှောင်တခင် သွားရောက် စစ်ဆေးရာမှ Canter အမျိုးအစား ယာဉ်ပေါ်မှ အချိုမုန့် (၃)ဖာ၊ Spy Wine (၁၃)ဖာ၊ နို့ကဒ်(၄)ဖာ နှင့် Leo Beer (၉)ဖာတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၇)ရက် ညနေ(၃)နာရီဝန်းကျင်က တာလေတိုးဂိတ်အနီး၌ပင် Van အမျိုးအစား မော်တော်ယာဉ်ပေါ်မှ Canon Printer (၃)လုံး၊ ( 222 Brand )ပါ ကြက်စာ အိတ်အသေး (၁၃)အိတ်၊ အထည်အိတ် (၂)ထုပ် နှင့် Whale Tinder (၄)ဖာတို့ကို သိမ်းဆည်းရမိသည်။

ယင်းအပြင် ဒီဇင်ဘာလ (၇)ရက်နေ့၊ ည(၇)နာရီ အချိန်က တာလေတိုးဂိတ်အနီးမှာပင် မော်တော်ယာဉ်အား တားမြစ်စစ်ဆေးရာမှ အကောက်ခွန်မဲ့ ဖြစ်သည့် ရေချိုးဆပ်ပြာရည် (၂)ဖာ၊ Body Lotion (၇)ဖာ နှင့် Shampoo (၄)ဖာတို့ကို သိမ်းဆည်းရမိသည်။

"သိမ်းဆည်းရမိတဲ့ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားရန် အတွက် မြို့နယ်အကောက်ခွန်ဦးစီးဌာနကို လွှဲပြောင်းပေးလိုက်ပါတယ်.."ဟု တာချီလိတ် Mobile Team အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ကျွန်တော်တို့လို ဘာကုမ္ပဏီမှ မရှိဘဲ သာမန်အနေနဲ့  အဆင်ပြေစေဖို့ဆိုရင် ဒီဂိတ်ကို ဖြတ်သွားတာနဲ့ ဘယ်လို ပစ္စည်းဖြစ်ဖြစ်၊ တစ်ခုသယ်သယ်၊ နှစ်ခုသယ်သယ်၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှာ တစ်ခါတည်းအပြီး အခွန်ဆောင်တာတွေကို ဆောင်ရွက်ပေးနိုင်ရင် အခွန်မဲ့ ပစ္စည်းမဖြစ်တော့ဘူးပေါ့၊ အခုတော့ အခွန်လည်း ဆောင်လို့မရ၊ သယ်ပြန်တော့လည်း သိမ်းဆည်းဆိုတော့ ဘယ်လိုလုပ်တော့မလဲဗျာ... "ဟု ကျိုင်းတုံဒေသခံ ကိုစိုင်းခမ်းပန်က ပြောသည်။

သတင်း။  ။ လှမြင့် (မြ၀တီ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~