Facebook၌ ပြန့်နေသည့် တာချီလိတ်၌ ဗလီဆောက်နေသည် ဆိုသည်မှာ မဟုတ်မမှန်၊ ဘုရားကျောင်းဆောင်အတွက် ဆောက်နေခြင်းသာဖြစ်

Facebook၌ ပြန့်နေသည့် တာချီလိတ်၌ ဗလီဆောက်နေသည် ဆိုသည်မှာ မဟုတ်မမှန်၊ ဘုရားကျောင်းဆောင်အတွက် ဆောက်နေခြင်းသာဖြစ်
ဒီဇင်ဘာ 12, 2015
By Tachileik News Agency

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ မိုးသောက်ကြယ် အိမ်ရာတွင် နှစ်ထပ်တိုက်ဆောက်လုပ်ထားပြီး တိုက်၏ အမိုးတွင် စစ်ကိုင်းမှ ကောင်းမှုတော်ဘုရားစေတီအား မှီငြမ်းကာ ဆောက်လုပ်ထားမှုနှင့် ပတ်သက်၍ ဗလီဆောက်တာဖြစ်သည့်အတွက် အရေးယူပေးရန် ဟု ရေးသားကာ အဆိုပါ အဆောက်အဦအား ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့က ဖော်ပြထားမှုများရှိခဲ့ပြီး ပြန်လည် ဖြန့်ဝေမှုများမှာ (၁၀,၀၀၀)နီးပါးရှိခဲ့သည့် အတွက် ကာယကံရှင် မိသားစုမှ ဗလီဆောက်နေခြင်းဆိုသည်မှာ မဟုတ်မမှန်ကြောင်း ပြောကြားလာသည်။

"ဒီအိမ်က မိုးသောက်ကြယ် သူဌေး ဦးစိုင်းစိုင်းရဲ့အိမ်ပါ၊ ဦးစိုင်းစိုင်းက ဘုရားခန်းအဖြစ် သီးသန့် ထားလိုတာရယ်၊ အခု ခေတ်စားနေတဲ့ အိမ်ဒီဇိုင်းဖြစ်တာရယ်ကြောင့် ဒီပုံစံဆောက်ထားတာပါ၊ အိမ်ဆောက်ဖို့အတွက် ခွင့်ပြုစာ တင်တုန်းကလည်း ဒီပုံစံပါပဲ.."ဟု ဦးစိုင်းစိုင်း၏ မန်နေဂျာ ဦးမြင့်နွယ်က ပြောသည်။

"အိမ်က ဆောက်လို့ မပြီးသေးပါဘူး၊ အမိုးဘေးမှာ ကနုတ်တွေနဲ့ အလှဆင်ဖို့ အများကြီး ကျန်ပါသေးတယ်၊ ဦးစိုင်းစိုင်း ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသား စစ်စစ်ပါ၊ ဒီလိုအိမ်၊ ဒီလိုဇိုင်းမျိုးကို ထိုင်းနိုင်ငံမှာရော၊ တရုတ်နိုင်ငံဘက်မှာရော တော်တော်များများ ဆောက်လာကြပါပြီ၊ တကယ်တမ်းက ဦးစိုင်စိုင်းက အိမ်ပေါ်က အလုံးကို စစ်ကိုင်းက ကောင်းမှုတော်ဘုရား စေတီကို မှီငြမ်းပြီးတော့ ဆောက်တာပါ ဗလီဆောက်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး..."ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။

ဗလီဟု အများ စွပ်စွဲပြောဆိုနေကြသည့် ခေါင်မိုးပေါ်ရှိ အလုံးကြီးအား ကောင်းမှုတော်ဘုရား စေတီသဖွယ် ပြုလုပ်ပြီး အပေါက်(၈)ပေါက် ထားရှိကာ (၇)ရက်သားသမီးများ၏ နေ့နံ အရုပ်များကို ထားရှိမှာ ဖြစ်ပြီး အလည်တည့်တည့်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား တည်ထားမှာ ဖြစ်ကြောင်း သိရသည်။

"အခုလို မဟုတ်ဘဲ စွပ်စွဲပြောဆိုနေကြတာဟာ ကာယကံရှင် မိသားစုအတွက်လည်း ထိခိုက်သလို၊ အေးချမ်းသာယာလှတဲ့ တာချီလိတ်မြို့ကိုလည်း ဘာသာရေး ပြဿနာတွေ ဖြစ်လာအောင် လှုံ့ဆော်သလို ဖြစ်စေပါတယ်..."ဟု ဦးမြင့်နွယ်က ဆက်လက် ပြောဆိုသည်။

လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်တွင် "တာချီလိတ်မြို့ ပါလျှံ (3)ဈေးအနောက်ဖက်မှာ
ဖြစ်ပါတယ်ခင်ဗျာ သက်ဆိုင်ရာတာဝန်ရှိသူများ အရေးယူပေးပါဦးဗျာ အိမ်ဆောက်မယ်ဆိုပြီး
ဗလီဆောက်နေတာ ဖြစ်ပါတယ်ဗျာ"ဟု ရေးသားကာ Facebook အကောင့်များဖြင့် ဖြန့်ဝေထားရာ ပြန်လည်မျှဝေသည့် အရေအတွက်မှာ (၁၀၀၀၀)၀န်းကျင်ရှိကြောင်း သိရသည်။

"Facebookမှာ ရေးထားတဲ့ ဘာသာရေး၊ လူုမျိုးရေး ကိစ္စတွေကို သုံးစွဲသူများက ဒီကိစ္စဟာ မှားလား၊ မှန်လား ဆိုတာ မစိစစ်တော့ဘဲ၊ တခါတည်း ပြန်မျှဝေကြတာ တော်တော်များတယ်၊ တချို့ကိစ္စတွေက တကယ်မဟုတ်ဘဲ၊ တကယ်ဟုတ် သလိုလို ရေးသားဖြန့်ဝေနေကြတာဟာ ကာယကံရှင်တွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေပါတယ်၊ ဆိုရှယ်နက်ဝေါ့တွေကို မိမိတို့အတွက် အကျိုးရှိတဲ့ဘက်က သုံးမယ်ဆိုရင် အကျိုးအများကြီးရှိပါတယ်၊ အခုလိုမျိုး ဗလီကိစ္စဆိုလည်း တင်တဲ့သူ အနေနဲ့ သေချာလေ့လာပြီးမှ တင်သင့်ပါတယ်..."ဟု တာချီလိတ်မှ နည်းပညာသမား လူငယ်တစ်ဦးဖြစ်သူ ကိုစိုင်းခမ်းခေါင်က သုံးသပ်ပြောဆိုသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~