ကျပ်(၆၆)သိန်းကျော် တန်ဖိုးရှိ စာသင်ခုံ နှင့် ဘိလပ်မြေများ ကျိုင်းလပ်ရေဘေးသင့်ဒေသသို့ သွားရောက် လှူဒါန်း

ကျပ်(၆၆)သိန်းကျော် တန်ဖိုးရှိ စာသင်ခုံ နှင့် ဘိလပ်မြေများ ကျိုင်းလပ်ရေဘေးသင့်ဒေသသို့ သွားရောက် လှူဒါန်း
ဒီဇင်ဘာ 2, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် သြဂုတ်လအတွင်းက ကျိုင်းလပ်ဒေသအတွင်း ရေကြီးရေလျှံခဲ့မှုများကြောင့် ရေဘေးသင့် အိမ်ထောင်စုများနှင့် စာသင်ကျောင်းများအတွက် ထောက်ပံ့လှူဒါန်းခြင်းကို ဒီဇင်ဘာလ (၁)ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းဘုန်းတော်ကြီးကျောင်း၌ တာချီလိတ်ခရိုင် နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ စေတနာရှင် အလှူရှင်များက သြဂုတ်လ အတွင်း ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၇၄)စု အတွက် ဘိလပ်မြေများ ထောက်ပံ့ခြင်းနှင့် ကျေးရွာများရှိ စာသင်ခုံများ လိုအပ်သည့် အခြေခံပညာ ကျောင်းများအား စာသင်ခုံများ ထောက်ပံ့လှူဒါန်းခြင်း နှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများအား  မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြောကြားပြီး ပေးအပ်လှူဒါန်းသည်။

ထို့သို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိသူများက ငွေကျပ်(၁,၇၅၀,၀၀၀) တန်ဖိုးရှိ ဘိလပ်မြေအိတ် (၃၅၀) နှင့် ငွေကျပ်(၄၉)သိန်းတန်ဖိုးရှိ စာသင်ခုံ(၇၀)စုံ အား
ပေးအပ် လှူဒါန်းရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအိုက်စံ နှင့် ရပ်မိရပ်ဖများက လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်ရေဘေးသင့် ဒေသသို့ လှူဒါန်းမှုပစ္စည်းများ ရောက်ရှိရေးအတွက် နိုဝင်ဘာလ (၂၈)ရက် နေ့လည်ပိုင်းက တာချီလိတ်ပြည်သူများ ကိုယ်စား ကိုဇေယျာအောင်နှင့် လူငယ်များမှ သွားရောက် ပို့ဆောင်ပြီးနောက် ဒီဇင်ဘာလ (၁)ရက်နေ့တွင် လက်ဝယ်အရောက် လှူဒါန်းပေးအပ်တာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ဝေယံလင်း
ဓါတ်ပုံ။  ။ ဓါတ်ကြီး၊ ကျော်နိုင်ထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~