ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာ ကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာအားကစားလ ပထမအပတ်အဖြစ် လူထုလှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာလ (၅)ရက်၊ နံနက် (၅)နာရီက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရှမ်းရိုးမကုန်တိုက်ရှေ့ စုရပ်မှ စတင်ကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့မအားကစားကွင်း အထိ တပျော်တပါး စုပေါင်းပါဝင်လမ်းလျှောက်ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်နှင့်မြို့နယ် ဌာန ဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ် နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား တစ်ထောင်ကျော်တို့က ရှမ်းရိုးမကုန်တိုက်ရှေ့ စုရပ်မှ ဗိုလ်ချုပ် လမ်းမကြီးအတိုင်း မြို့မအားကစား ကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ကြပြီး၊ အားကစားကွင်း အတွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အတွဲ(၁) နှင့် (၂)တို့ကို စုပေါင်းလေ့ကျင့်ကြသည်။
ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့များဖြစ်သည့် ( ၅.၁၂.၂၀၁၅)၊ ( ၁၂.၁၂.၂၀၁၅ )၊ ( ၁၉.၁၂.၂၀၁၅ ) နှင့် ( ၂၆.၁၂.၂၀၁၅ ) စသည့် နေ့ရက်များတွင် နံနက်(၅)နာရီအချိန်၌ ရှမ်းရိုးမကွင်းအတွင်း စုရပ်အဖြစ် သတ်မှတ်ထားရှိပြီး ထိုမှ တဆင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား အနီးရှိ မြို့မအားကစားကွင်းအထိ လမ်းလျှောက်ကာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်သွားမှာဖြစ်သည့် အတွက် တာချီလိတ်ရှိ ပြည်သူများအနေဖြင့် ပါဝင် ဆင်နွှဲနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ အောင်ကျော်ဝင်းစိန် ၊ ကျော်နိုင်ထွန်း