ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ကျေးရွာ(၃)ရွာအတွက် မြန်မာ - လာအို ချစ်ကြည်ရေးတံတား ဖြတ်သန်းခ ကင်းလွတ်ခွင့်ရရေး လွှတ်တော်၌ တင်ပြ၊ ပြည်နယ်အစိုးရမှ ကင်းလွတ်ခွင့်ပေး

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ကျေးရွာ(၃)ရွာအတွက် မြန်မာ - လာအို ချစ်ကြည်ရေးတံတား ဖြတ်သန်းခ ကင်းလွတ်ခွင့်ရရေး လွှတ်တော်၌ တင်ပြ၊ ပြည်နယ်အစိုးရမှ ကင်းလွတ်ခွင့်ပေး
ဒီဇင်ဘာ 6, 2015
By Tachileik News Agency

မြန်မာ - လာအို ချစ်ကြည်ရေး တံတားအနီးရှိ ကျေးရွာ(၃)ရွာမှ တိုင်းရင်းသားများ အနေဖြင့် နေ့စဉ် တံတား ဖြတ်သန်းခမှာ ၀န်ထုတ်ဝန်ပိုး ဖြစ်စေသည့်အတွက် ကင်းလွတ်ခွင့်ပေးနိုင်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းရာ ၎င်း၏ အဆိုအား အတည်ပြုပြီး ပြည်နယ်အစိုးရမှ ကင်းလွတ်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက "မြန်မာ - လာအို ချစ်ကြည်ရေး တံတား၏ ညာဖက်တွင် အာခါတိုင်းရင်းသားများ နှင့် လားဟူတိုင်းရင်းသားများ နေထိုင်ကြသည့် ကျေးရွာများဖြစ်သည့် ကျခမ်းဆောင်ကျေးရွာ၊ ကျခမ်းတဲကျေးရွာနှင့် ကျဘိုခမ်းကျေးရွာများ တည်ရှိကြောင်း၊ အဆိုပါ ကျေးရွာနေ တိုင်းရင်းသား ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ချစ်ကြည်ရေးတံတားပေါ်မှ ဖြတ်သန်းပြီး ခရီးသွားလာမှု ပြုရာတွင် ဖြတ်သန်းခများ ပေးဆောင်ရမည် ဆိုပါက ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် ၀န်ထုတ်ဝန်ပိုး တစ်ခု ဖြစ်စေကြောင်း၊ ယင်းအတွက် အဆိုပါ ကျေးရွာနေ တိုင်းရင်းသား ပြည်သူများ အတွက် နယ်စပ်တံတားဖြတ်သန်း သွားလာ ခများကို ကင်းလွတ်ခွင့် ပေးနိုင်ရေးအတွက် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း" လွှတ်တော်တွင် မေးမြန်းတင်ပြခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင် ဒီဇင်ဘာလ(၃)ရက်မှ (၄)ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက ယခုလို အဆိုတင်သွင်းခြင်းဖြစ်သည်။

"ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းရဲ့ အဆိုတင်သွင်း မေးမြန်းတင်ပြမှုအပေါ် ရှမ်းပြည်နယ် အစိုးရအဖွဲ့က 'ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း တင်ပြသည့် ကျေးရွာများသည် မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း တည်ရှိခြင်း နှင့် အဆိုပါ တံတား၏ (၈.၅)ဧရိယာအတွင်း ရှိခြင်းတို့ကြောင့် တံတားဖြတ်သန်းခကို ကင်းလွတ်ခွင့်ပြုပေးလိုက်သည်'ဆိုပြီး ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ အတည်ပြုပေးလိုက်တာပါ.."ဟု ပြည်ခိုင်ဖြိုးပါတီမှ တာချီလိတ်ခရိုင်အတွင်းရေးမှူး ဦးဘိုစံက ပြောသည်။
( မြန်မာ - လာအို ချစ်ကြည်ရေး တံတား )

တာချီလိတ်ခရိုင်၊ မြန်မာ - လာအို နယ်စပ်ဒေသရှိ ကျိုင်းလပ်မြို့တွင် တည်ရှိပြီး မဲခေါင်မြစ်ကို ဖြတ်သန်း တည်ဆောက်ထားသည့် မြန်မာ - လာအိုချစ်ကြည်ရေး တံတားအား ၂၀၁၅ခုနှစ် မေလ(၉)ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတော် သမ္မတ မစ္စတာ ကျူမာလေဆိုင်ရာဆွန်တို့မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

သတင်း။  ။ သာစည်မျိုးသန့်
ဓါတ်ပုံ။  ။  ပြည်ခိုင်ဖြိုးပါတီ(တာချီလိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~