ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အများအဆုံးနေထိုင်လျက်ရှိပြီး တရုတ်၊ လာအို နှင့် ထိုင်းနိုင်ငံ တို့တွင်လည်း နေထိုင်လျက်ရှိသည့် အာခါတိုင်းရင်းသားတို့၏ အဋ္ဌမအကြိမ်မြောက် အာခါစုပေါင်း ခါးထောင်းဖါးပွဲတော်ကြီးကို တာချီလိတ်မြို့ရှိ အာခါစာပေနှင့် အာခါရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ ယခင်နှစ်နှင့် မတူ စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဒီဇင်ဘာလ(၁၅)ရက်မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနှစ်သစ်ကူးပွဲတော်တွင် အာခါတိုင်းရင်းသားများမှ အာခါရိုးရာဝတ်စုံများကို ၀တ်ဆင်ကာ တက်ရောက် ဆင်နွှဲကြမှာဖြစ်ပြီး ပွဲတော်ဖွင့်ပွဲနှင့်အတူ ဧည့်ခံပွဲအား အဆိုပါ ကွင်းအတွင်းမှာပင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် အတွက် စီစဉ်ထားရှိကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။
အဆိုပါပွဲတော်သို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ခရိုင်(၃)ခုဖြစ်သည့် ကျိုင်းတုံ၊ မိုင်းဆတ် နှင့် တာချီလိတ်ခရိုင်အတွင်း အပြင် မိုင်းလား၊ ထိုင်း၊ လာအို နှင့် တရုတ်နိုင်ငံ နှင့် အခြားဒေသသို့ ရောက်ရှိနေကြသော အာခါတိုင်းရင်းသား မျိုးနွယ်စုများမှလည်း လာရောက်ကြမှာ ဖြစ်ကြောင်း သိရှိရသည်။