အဋ္ဌမ အကြိမ်မြောက် အာခါတိုင်းရင်းသားများ၏ နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲအား ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်က ကျင်းပရာ အနယ်နယ် အရပ်ရပ်က အာခါတိုင်းရင်းသား လူမျိုးစုများ တက်ရောက် ဆင်နွှဲကြသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင်သာ အများဆုံးနေထိုင်သည့် အာခါတိုင်းရင်းသားများ၏ နှစ်သစ်ကူး ပွဲတော်အား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၇)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။
"အာခါတိုင်းရင်းသားတွေမှာ မြန်မာတွေလိုပဲ (၁၂)လရာသီပွဲတော် ရှိပါတယ်၊ အခုပွဲက" ခါးထောင်းဖား" နှစ်သစ်ကူးပွဲတော်ပါ၊ ဒီနှစ်ဆိုရင် သိုးနှစ်ပေါ့၊ ကျွန်တော်တို့မှာ အကောင်(၁၆)ကောင်ပါတဲ့ နှစ်တွေရှိတယ်၊ ဒါတွေက ပတ်လည်သွားနေတာပေါ့"ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးအားလယ်က ပြောသည်။
အာခါတိုင်းရင်းသားများတွင် လူမျိုးစုများစွာရှိရာ အ၀တ်အစား ဆင်ယင်မှုမှာလည်း ကွဲပြားပြီး ရိုးရာ အ၀တ်အစားကို ကြည့်၍ လူမျိုးစုကို ခွဲခြားသိရှိနိုင်ကြောင်း သိရသည်။
"ခါးထောင်းဖား"နှစ်သစ်ကူးပွဲတော်သည် မိရိုးဖလာ အာခါ"ဇန်း"ကိုးကွယ်မှုမှ စတင်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်ကြောင်း သိရပြီး ယခုကျင်းပသော ပွဲတော်အား အနယ်နယ် အရပ်ရပ်မှ အာခါလူမျိုးစုများ လာရောက် ဆင်နွှဲလျှက်ရှိပြီး မိုင်းလား၊ ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဆတ်အပြင် ပြည်ပနိုင်ငံများဖြစ်သည့် လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ လူမျိုးစုများ လာရောက်ကြကြောင်း ဦးအားလယ်ထံမှ သိရသည်။
ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အာခါတိုင်းရင်းသားများအား ပွဲတော်ကျင်းပရေးကော်မတီမှ အာခါတိုင်းရင်းသားရိုးရာ ထမင်းဟင်းနှင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အာခါရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်အေး နှင့် တာဝန်ရှိသူများက တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး၊ ယင်းပွဲတော်သို့ မြန်မာဘက်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မှ စစ်ဗျူဟာမှူးနှင့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။
(၃)ရက်တိုင်တိုင် ကျင်းပသည့် အဆိုပါ ပွဲတော်အတွင်း အာခါရိုးရာ ၀တ်စုံများ၊ အသုံးအဆောင်များနှင့် ငွေထည်ပစ္စည်းများကို အဓိကထား ရောင်းချသော ဆိုင်များ ဖွင့်လှစ်ထားရှိကြပြီး အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသည့် အာခါတိုင်းရင်းသားများနှင့် ဧည့်သည်များမှ ၀ယ်ယူကြတာကိုလည်း တွေ့ရှိရသည်။