မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများကို ၂၀၁၆ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်ဖြင့် ထိရောက်စွာ အရေးယူတော့မှာ ဖြစ်သည့်အတွက် တာချီလိတ်၌ ယာဉ်/လမ်း အသိပညာပေးမှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
"ဒီဇင်ဘာလ အစကတည်းက စတင်ပြီးတော့ ပညာပေးကာလအဖြစ် လက်ကမ်းစာရွက် ဝေတာတွေ၊ ၂၀၁၅ မော်တော်ယာဉ်ဥပဒေအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ကြိုတင်ပြီး အသိပညာပေးတာတွေ လုပ်နေပါတယ်၊ ပညာပေးကာလအဖြစ် ပြည်သူတွေကို ကြိုတင် အသိပေးတဲ့ အနေနဲ့ ဒီတစ်လလုံးလုံး ဆောင်ရွက်သွားမှာဖြစ်ပါတယ်.."ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုက ပြောသည်။
တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်ကိုကို ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယနေ့ ဒီဇင်ဘာလ (၂၄)ရက်တွင် တာချီလိတ်မြို့ - ကျိုင်းတုံသွားလမ်းပေါ်ရှိ ဟွေခိုက်ကျေးရွာ လမ်းပေါ်တွင် ယာဉ်သွား၊ ယာဉ်လာများအား ရပ်တန့်ကာ အသိပညာပေးခြင်း၊ ၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေပါ စာရွက်များအား ပေးဝေခြင်းများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
"ဆိုင်ကယ်စီးဦးထုပ်ကို ဆိုင်ကယ်မှာ ချိတ်ထားပြီး မောင်းလာတဲ့ လူတွေလည်းရှိတယ်၊ သူတို့ကို နားလည်အောင်ပြောပြီး ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခိုင်းဖို့ ပြောရတာတွေ၊ မော်တော်ကားတွေမှာ တပ်ဆင်ထားတဲ့ ယာဉ်နံပါတ်တွေနဲ့ ပတ်သက်တာတွေ၊ ဆိုင်ကယ်ပေါ်မှာ အပိုပစ္စည်း လွန်ကဲစွာ တင်တာတွေ စတာတွေကို ကျွန်တော်တို့ဘက်က အသိပညာပေးတဲ့ အနေနဲ့ ပြောပြသလို လက်ကမ်းစာရွက်တွေကိုလည်း ပေးဝေပါတယ်၊ အဓိက ကတော့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေကို သိစေချင်တဲ့အတွက် သူတို့ကို သေသေချာချာ ရှင်းပြပေးပါတယ်.."ဟု ယာဉ်ထိန်းတပ်ဖွဲ့မှ ဆိုသည်။
တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယာဉ်တိုက်မှုဖြစ်ပွါးတိုင်း ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသည့် ဖြစ်စဉ်များကြောင့် ဦးခေါင်းထိခိုက်မှုများအထိ ဖြစ်ပွါးသည့် အပြင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ မတော်တဆ တိုက်မိမှုများ ဖြစ်ပွားလေ့ရှိခြင်းကြောင့် ယာဉ်တိုက်မှုများ လျော့ပါးရေး အတွက် ပြည်သူများ ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း တာချီလိတ်ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆိုသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ