တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေး အနီးတွင် ပျံကျဈေးတည်ဆောက်ထားမှုနှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသား (၉၉)ယောက်မှ စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်ထားကြောင်း သိရသည်။
"ဈေးဖွင့်ကတည်းက ပြဿနာ မျိုးစုံတက်ပြီး ဈေးသူဈေးသားတွေ ကွဲသွားတာ၊ ဈေးကမစည်ဘူး၊ အဲ့ဒီအပြင် အခု စည်ပင်သာယာဈေး အနီးနားမှာရှိတဲ့ ပုဂ္ဂလိကပိုင်မြေကွက်မှာ ၀မ်ကောင်းပျံကျဈေးဆိုပြီး အသစ် တည်ဆောက်ထားတော့ ကျွန်တော်တို့ ဈေးကြီးပေးဝယ်ထားတဲ့ ဆိုင်ခန်းတွေ အလကားဖြစ်ပြီပေါ့ဗျာ၊ ဒါကြောင့် ကျွန်တော်တို့ စုပေါင်းပြီး လက်မှတ်ထိုး ကန့်ကွက်ထားတာ.."ဟု ၀မ်ကောင်းမြို့မဈေး ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုမျိုးအောင်စိုးက ပြောသည်။
"သူတို့လက်မှတ်ထိုး ကန့်ကွက်တယ်ဆိုတာ အဓိက ဈေးမစည်မှာစိုးလို့ပါ၊ လက်မှတ်ထိုးတာ (၉၉)ယောက် ဒါပေမယ့် လက်ရေးက တစ်ယောက်တည်းရေးတဲ့ ပုံစံတွေဖြစ်နေတယ်၊ အခုတော့ ကုမ္ပဏီနဲ့ ဈေးကော်မတီကို ထိပ်တိုက်တွေ့ပြီး ဆွေးနွေးပွဲလေးလုပ်လိုက်တာ အဆင်ပြေသွားပါပြီ.."ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က ပြောသည်။
နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ၀မ်ကောင်းမြို့မ ဈေးကော်မတီနှင့် ပျံကျဈေးတည်ဆောက်သော မင်းခေတ်သစ်ကုမ္ပဏီတို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ အချက်(၁၁)ချက်အား ဈေးသူဈေးသားများမှ သဘောတူညီခဲ့ကြောင်း ၎င်းထံမှသိရသည်။
"သားငါးတန်းတွင် အနံ့အသက်များ ကောင်းမွန်စေရန်အတွက် ပြန်လည်ပြုပြင်နေစဉ် ကာလအတွင်း၌ မြို့မဈေးအနီးတွင် ဆောက်လုပ်ထားသော ပျံကျဈေးနေရာတွင် အခမဲ့ ယာယီနေရာချ ရောင်းချစေရန် နှင့် သတ်မှတ်ထားသည့် နေရာတွင်သာ သားငါးများ ရောင်းချရန်၊ ဈေးဆိုင်ခန်းများတွင် ဆိုင်ခန်းမီး၊ လျှောက်လမ်းမီး၊ CCTV နှင့် ရေတင်ခြင်းတို့ အတွက် လျှပ်စစ်မီတာကို သီးခြား တပ်ဆင်ပေးရန် နှင့် လုံခြုံရေး မီတာခ၊ လျှောက်လမ်း မီတာခ နှင့် CCTV အတွက် ကျသင့်သည့် မီတာခများကို စည်ပင်မှ ကျခံသုံးစွဲရန်"စသည်တို့ကို အတည်ပြု ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ယင်းအပြင် "ဈေးပတ်လည်တွင် ပျံကျဈေးသည် သား/ငါးသည်များ လုံးဝ ရောင်းချမှု မရှိစေရန် ပူးပေါင်းကြပ်မတ် ဆောင်ရွက်ရန် နှင့် မြို့မဈေးသစ် စည်ကားလာစေရေး အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရန် အပြင် လိုအပ်ချက်များရှိပါက စုပေါင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန်.."စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း စည်ပင်သာယာ၏ အစည်းအဝေး မှတ်တမ်း အရ သိရှိရသည်။