ကလေးငယ် တစ်ယောက်ရဲ့ မ၀ံ့မရဲ ငိုညည်းသံ သဲ့သဲ့လေးနောက်မှာ လိုက်ပါလာတဲ့ အသံက ကမ္ဘာပြိုတဲ့ အသံလား ၀ုန်း၊ ဒိုင်း၊ တဒက်ဒက်နဲ့ အိမ်ခြေ(၅၀)လောက်ရှိတဲ့ ရွာထဲမှာ ငရဲခန်းလား လျှပ်တပျက် ယမ်းငွေ့တွေဝေနေပြီ၊ မီးလောင်နေတဲ့ အိမ်ပျက်တွေ တွေ့ရာလူ လက်ဆွဲပြီး ပြေးနေကြရပြီ........
၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅)ရက်နေ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်မှတ်ထိုးကြတဲ့နေ့မှာပါ။ လက်နက်ကိုင်တွေ ဘောပင်ကိုင်ပြီး လက်မှတ်ထိုးနေပေမယ့် တိုင်းရင်းသား ဒေသတွေမှာတော့ သေနတ်တွေနဲ့ အပြန်အလှန် စကားပြောနေကြပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ စစ်ဒဏ်သင့်ခဲ့တာ ဒုတိယကမ္ဘာစစ်ကတည်းကစပြီး လွတ်လပ်ရေးရခဲ့တဲ့ နောက်ပိုင်း နှစ်ပေါင်းမြောက်များစွာ စွဲကိုင်ထားတဲ့ ယုံကြည်ချက်တွေအတွက် အသက်တွေများစွာ စတေးခဲ့ရပြီ။ မျိုးဆက်တိုင်း စစ်ဒဏ် မသင့်ခဲ့တဲ့မျိုးဆက် တိုက်ပွဲသံမကြားခဲ့တဲ့မျိုးဆက်ဆိုတာ မရှိခဲ့ပါဘူး။
တိုက်ပွဲတွေကို ဘယ်လို အမည်နာမတွေပေးပေး တကယ်နစ်နာတာကတော့ ပြည်သူတွေပါဘဲ၊ တိုက်ပွဲရဲ့ ရလဒ်ကြောင့် ကျွန်တော်တို့ နိုင်ငံတိုးတက်မှုတွေမရှိခဲ့လို့ သူများနိုင်ငံကို အစုလိုက် အပြုံလိုက် ထွက်သွားကြတာဟာ ထမင်းတစ်နပ်စားဖို့အတွက် သူများခိုင်းဖတ် ကျွန်သွားလုပ်ဖို့ ပါ။
အယူတွေ ၀ါဒတွေ ဒီအချိန်မှာ ခဏထားကြပါဦး နောက်တတ်လာမယ့် မျိုးဆက်တွေကို ကျွန်တော်တို့ ဒီအမွေဆိုးကြီးဆက်မပေးချင်လို့ပါဗျာ။
Facebook ဖွင့်လိုက်ချိန်မှာဘဲ ကလေးမလေး တစ်ယောက် စာရွက်ကိုင်ထားတာ။ စာရွက်ထဲမှာ ရေးထားတာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာရှိတဲ့ စစ်ဘေးရှောင် ကျား၊ မ ဦးရေစာရင်းတွေပါ။ ကျွန်တော်တို့ တိုက်ပွဲ မရှိတဲ့ မြို့တွေက ကလေးတွေ ကျောင်းတွေမှာ စာကောင်းကောင်း သင်နေရချိန်၊ အစာကောင်းကောင်း စားနေချိန်၊ မိဘရင်ခွင် ၀င်အိပ်နေချိန် ဒီကလေးတွေ ကောက်ညှင်း တစ်ဆုတ်ကို ငရုတ်သီးထောင်းနဲ့စားနေတာ မမြင်ရက်စရာဗျာ၊ အားလုံးက ကျွန်တော်တို့ တစ်ရေတည်းသောက်၊ တစ်မြေတည်း နေနေတဲ့ အသွေးအသား အရင်းတွေပါ၊ အသားအရောင်နဲ့ ပြောဆိုတဲ့ ဘာသာစကားတွေတာ ကွဲသွားတယ်၊ မြန်မာမြေမှာနေတဲ့ လူတွေရဲ့ နှလုံးသားတွေ ဘယ်တော့မှ မဝေးပါဘူး၊ ကျွန်တော်တို့ နိုင်ငံကို လွတ်လပ်ရေး အပြည့်မပေးချင်လို့ သွေးခွဲအုပ်ချုပ်ခဲ့တဲ့ တိုင်းတစ်ပါးသားတွေကိုတောင် ပင်လုံစာချုပ်နဲ့ သက်သေပြခဲ့ပြီးပြီ အခုလို ပြောင်းလဲနေတဲ့ အချိန်မှာ သွေးဆက်ကွဲနေရင် ကျွန်တော်တို့ နောက်မျိုးဆက်ကို ဘယ်လိုမျက်နှာပြရမလဲ။
ကိုယ့်သားချင်းတွေ ကိုယ့်ဆွေမျိုးတွေ၊ အပြစ်မဲ့ ကလေးတွေ၊ စစ်ဘေးသင့်နေတာ၊ ငိုညည်းရှိုက်သံတွေ ကြားနေရတာ၊ ကိုယ့်အိုးကိုယ့်အိမ်မှာ အေးအေးလူလူ မအိပ်ရတာ၊ မနေရတာ။
စာဖတ်သူတို့ အနေနဲ့ သူတို့နေရာ တစ်ရက်မပြောဘူး တစ်နာရီလောက် ၀င်ကြည့်ပေးပါလား၊ ကလေးတွေရဲ့ နှလုံးသားထဲ ခဏလောက် စာနာပေးပါလား၊ အနာဂတ်မပြောနဲ့ မနက်ဖြန်တောင် ဘာမှန်းမသိဘူး၊ ယမ်းငွေ့တွေကြား ဗုံးသံတွေကြား၊ ရဲရဲဝံ့ဝံ့ မငိုရဲတဲ့ အဖြစ် ခံစားပေးပါ၊ နားလည်ပေးပါ။
ဘယ်သူမှားတယ် မပြောဘူး။ မှားတယ်၊ မှန်တယ် မပြောပါဘူး၊ လက်နက်ကိုင်ပြီး ပြည်သူကို မကာကွယ်ဘဲ ကိုယ်ပိုင်နယ်မြေလို့ လက်ညှိးထိုးပြီး ကာကွယ်နေတဲ့သူတွေ၊ အာဏာတွေမက်နေတဲ့ လူတွေ၊ ခင်ဗျားတို့ အတ္တအတွက် ဒီကလေးတွေ ဘယ်လောက် ကြောက်ရွံ့ခဲ့ရပြီလဲ၊ မိဘတွေ ဘယ်လောက် ထိတ်လန့်ခဲ့ရပြီလဲ၊ ကျေးဇူးပြုပြီး ခင်ဗျားတို့ ငြင်းခုံတာကို စားပွဲခုံပေါ်ပြောင်းပေးပါ ခင်ဗျားတို့ လက်ထဲက သေနတ်တွေက ပန်းတွေ မဟုတ်ဘူးဗျ၊ ကျည်ဆံတွေ အိုးမဲ့ အိမ်မဲ့တွေ ဖြစ်စေတယ်၊ ၀မ်းနည်းကြေကွဲမှုတွေ ဖြစ်စေတယ်၊ ဆာလောင်မှုတွေ ဖြစ်စေတယ်၊ အနာဂတ် ကလေးတွေကို စာနာပေးကြပါဗျာ............။
အခုဆိုရင် ရှမ်းပြည်နယ်အလယ်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဖို့ လူထုလက်မှတ်တွေ လိုက်ကောက်နေတာ လူငယ်တွေပါ။ သူတို့ ဘာကြောင့် အပင်ပန်းခံနေလဲသိလား အပြစ်မဲ့တဲ့ ညီတွေ ညီမတွေကို မကြည့်ရက်လို့ပါ။
စစ်ဘေးရှောင်စခန်းက ပုခက်ထဲ ငိုနေတဲ့ ကလေးပုံတွေ ရီဝေတဲ့ မျက်ဝန်းတွေ၊ ကြောက်ရွံ့နေတဲ့ ထိတ်လန့်မှုတွေ ကျွန်တော်တို့ လက်မှတ်လေးတွေနဲ့ ရပ်တန့်ပေးနိုင် မလားဆိုတဲ့ မျှော်လင့်ချက် သဲ့သဲ့လေးအတွက် ကြိုးစားကြည့်တာပါ၊
ကျွန်တော် လက်မှတ်လိုက်ကောက်ပေးရင်း အင်တာဗျူးလေးတွေလုပ်ခဲ့တယ်။ စစ်တမ်းလေးယူပြီး သတင်းလေး လုပ်မယ်ဆိုပြီးတော့ပါ။ ကျွန်တော် မထင်မှတ်ဘဲ တွေ့လိုက်ရတာ ကျောင်းအုပ်ဆရာကြီး တစ်ယောက်က သူ့ဆရာမတွေရှေ့၊ လူအများရှေ့ စစ်ပွဲအကြောင်းပြောရင် မျက်ရည်တွေကျလာတယ် ဆိုတာဘဲ နှလုံးသားရှိတဲ့သူတိုင်း စစ်ပွဲကို မုန်းကြပါတယ်ဗျာ၊
ကျွန်တော်ရရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည် စာရင်းအရ လဲချားမှာ အယောက်(၅၀၀)၊ မိုင်းရှုးမှာ အယောက် (၁၀၀၀)၊ ဟိုင်းပါးမှာ အယောက် ( ၁၂၃၇ )၊ ဝမ်ဝမှာ အယောက်(၁၀၀၀)၊ မိုင်းနောင်မှာ အယောက် (၃၈၀)၊ ကျောက်မဲမှာ အယောက် (၁၀၀၀)၊ ဒါ့အပြင် အများကြီးကျန်နေပါသေးတယ်။ လားရှိုးမှာလည်း စစ်ဘေးရှောင်တွေ ရောက်နေသလို ရှမ်းပြည်နယ် အနှံ့အပြားကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
တိုက်နေတဲ့ (၂)ဖက်စစ်သည်တွေက တစ်မြေတည်းမွေး၊ တစ်ရေတည်းသောက်နေတဲ့ တစ်နိုင်ငံတည်းက ဆိုးတူကောင်းဘက် ညီနောင်တွေပါ။ မကောင်းတဲ့ စနစ်တစ်ခုကြောင့် အားလုံးအကျိုးမဲ့ခဲ့ပြီး ဆက်ပြီး ကျိုးမဲ့အောင် ဆက်မလုပ်ကြပါနဲ့ ကလေးတွေကို သနားပါ။ အနာဂါတ်ကို ဖွင့်ပေးပါ။
စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ပြည်သူတွေရဲ့ လက်မှတ်တွေကို Youth Shan State Network(ရှမ်းပြည်နယ် လူငယ်ကွန်ယက်)က ဦးဆောင်ပြီး ကောက်နေကြပါပြီ၊ အဲ့လိုပဲ တာချီလိတ်မှာလည်း ကောက်ခံနေပါပြီ၊ ကျွန်တော်တို့ ရှမ်းပြည်တ၀ှမ်း စစ်ပွဲတွေရပ်ဖို့ လက်မှတ်တွေ လိုအပ်နေပါပြီ၊ တာချီလိတ်မြို့မှာရှိတဲ့ မိဘပြည်သူတို့ရဲ့ စစ်ပွဲကို ကန့်ကွက်ကြောင်း လက်မှတ်တွေစုပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီပို့မှာပါ။