အစမ်းမဲပေးရာ၌ လူတစ်ဦးလျှင် အချိန်(၃)မိနစ်မှ (၄)မိနစ်ခွဲအထိ ကြာမြင့်

အစမ်းမဲပေးရာ၌ လူတစ်ဦးလျှင် အချိန်(၃)မိနစ်မှ (၄)မိနစ်ခွဲအထိ ကြာမြင့်
နိုဝင်ဘာ 5, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ဆန္ဒမဲ အစမ်းပေးမှုအဖြစ် လေ့ကျင်ခြင်း သရုပ်ပြမှုကို ယနေ့ နိုဝင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းက နေရာ(၃)နေရာ၌ တပြိုင်နက်တည်း ပြုလုပ်ရာ မဲပေးရာတွင် လူတစ်ဦးလျှင် အချိန်(၃)မိနစ်မှ အချိန် (၄)မိနစ်ခွဲခန့်အထိ ကြာမြင့်ကြောင်း အစမ်းမဲပေးခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

"သတ်မှတ်ထားတဲ့ အချိန်နဲ့ဆိုရင်တော့ တော်တော်လေး ကြန့်ကြာနိုင်တယ်၊ အခု အစမ်းမဲပေးတာမှာ အချိန်က (၄)မိနစ်ကျော်ကျော် (၅)မိနစ်လောက်ကြာတယ်.."ဟု ရန်အောင်မြေရပ်ကွက်နေ ကိုစည်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

"အစမ်းမဲပေးတာမှာ မဲပေးရတာတော့ အဆင်ပြေပေမဲ့ မဲရုံမှာ ကူညီဆောင်ရွက်ပေးနေကြတဲ့ မဲရုံတာဝန်ရှိတွေကတော့ ကျွမ်းကျင်မှုမရှိတာကို တွေ့ရတဲ့အတွက် အခက်အခဲ အနည်းငယ်တော့ ရှိနိုင်မယ်လို့ ထင်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

"ကျွန်တော်တို့ မဲပေးရတာတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ မဲရုံက ဆရာမတွေကတော့ သိပ်တော့ မကျွမ်းသေးဘူးပေါ့၊ လူတစ်ယောက်ကို လက်မှတ် (၂)နှစ်ကြိမ်ထိုးရပါတယ်၊ အချိန်ကတော့ (၃)မိနစ်လောက် ကြာတာပေါ့၊ အစမို့လည်း ဖြစ်မှာပါ၊ တကယ်မဲပေးရမဲ့ အချိန်ကြရင်တော့ အဲ့လောက်တော့ မကြာလောက်ပါဘူး၊ ပြည်သူတွေအနေနဲ့ မဲစာရင်း အမှတ်စဉ် သိရင်တော့ အခက်အခဲမရှိပါဘူး... "ဟု တာချီလိတ်မြို့နယ် ကျားဖြူပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစန်းအောင်က ပြောပြသည်။

"ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အခုလိုပဲ မဲရုံမှာ တာဝန်ကျဖူးတယ်၊ အဲ့ဒီတုန်းကဆိုရင် ည(၁၂)နာရီ ထိုးသွားတယ်၊ အခုလည်း အဲ့လိုပဲ ကြာမယ်ထင်တယ်၊ အခု လက်ရှိ သတ်မှတ်ထားတာကတော့ ညနေ(၄)နာရီထိုးတာနဲ့ မဲလာပေးတဲ့လူတွေကို မဲရုံ ပရ၀ဏ်အတွင်းမှာ ထည့်ထားမှာဖြစ်တဲ့အတွက် မဲပေးမဲ့လူ မကုန်မချင်း မဲပေးခွင့်ပြုသွားမှာ ဖြစ်ပါတယ်..."ဟု ရန်အောင်ရပ်ကွက်ရှိ မဲရုံ အမှတ်(၂)တွင် တာဝန်ကျသူ ကျောင်းဆရာမ တစ်ဦးက ပြောပြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~