တိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မဆုံးရှုံးဖို့ တိုင်းရင်းသား မဲစာရင်းကိုလည်း ကြည့်ဖို့လို

တိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မဆုံးရှုံးဖို့ တိုင်းရင်းသား မဲစာရင်းကိုလည်း ကြည့်ဖို့လို
နိုဝင်ဘာ 6, 2015
By Tachileik News Agency

၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ အနေဖြင့် မဲ(၃)မဲအပြင် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းများ အတွက် မဲ(၁)မဲ အပါအ၀င် စုစုပေါင်း မဲ(၄)မဲ ပေးရမှာဖြစ်သည့်အတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်၏ ကျောဖက်ရှိ လူမျိုးနေရာတွင် ဖြည့်စွက်ထားခြင်း ရှိမရှိကို ကြည့်ရှုစစ်ဆေးရမှာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော့် အဖေလည်း ဗမာ၊ အမေလည်း ဗမာပါ၊ သက်သေခံလက်မှတ်ရဲ့ လူမျိုးနေရာမှာ ဘာမှ မထည့်ထားဘူး၊ အဲ့ဒီအခါကျတော့တော့ မဲ(၃)မဲပဲ ထည့်ရတော့မှာမို့ တိုင်းရင်းသား မဲစာရင်းမှာ အမည်သွားရှာလိုက်တော့ ပါနေတယ်၊ အမည်ပါတော့ တာဝန်ရှိသူတွေကို ပြောပြီး ဖြည့်ခိုင်းလိုက်တာ၊ အခုတော့ ကျွန်တော် ကြိုတင်မဲထည့်တာ မဲ(၄)မဲ ထည့်ခွင့်ရခဲ့ပါတယ်.."ဟု ၀ိန်းကျောက်ရပ်ကွက်၌ ကြိုတင်မဲပေးသူ လူငယ်တစ်ဦးက ပြောပြသည်။

"တိုင်းရင်းသားအတွက် မဲထည့်ဖို့ကတော့ ရှမ်းပြည်ဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားနေရာတော့ မရှိဘူး၊ ဗမာ၊ အာခါ၊ လားဟူ၊ လီဆူ၊ ကယန်း၊ ကချင် စတဲ့ တိုင်းရင်းသားတွေအတွက်တော့ ရှိပါတယ်.."ဟု ရပ်/ကျေးကော်မရှင်ဝင် တစ်ဦးက ပြောသည်။

မဲထည့်ခွင့်ရှိသူတိုင်းသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် ပြည်နယ်လွှတ်တော်တို့အတွက် မဲ(၃)မဲထည့်ရမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးဖြစ်ပါက တိုင်းရင်းသားရေးရာဝန်ကြီးအတွက် မဲ(၁)မဲ ထည့်ရမှာဖြစ်သည်။

သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံးများတွင် အပြီးသတ် မဲဆန္ဒရှင် အမည်စာရင်းများကို နိုဝင်ဘာလ(၂)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ ကြေညာထားရှိပြီး  မဲဆန္ဒရှင်သက်သေခံလက်မှတ်များကိုလည်း နိုဝင်ဘာလ (၇)ရက်နေ့အထိ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~