ဗြိတိန်သံရုံးမှ လေ့လာစောင့်ကြည့်အဖွဲ့ နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား လာရောက် တွေ့ဆုံရာတွင် ပါတီတစ်ခုမှ သတင်းပေးမယူ

ဗြိတိန်သံရုံးမှ လေ့လာစောင့်ကြည့်အဖွဲ့ နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား လာရောက် တွေ့ဆုံရာတွင် ပါတီတစ်ခုမှ သတင်းပေးမယူ
နိုဝင်ဘာ 4, 2015
By Tachileik News Agency

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လေ့လာစောင့်ကြည့်ရန် ဗြိတိန်သံရုံးမှ တာဝန်ရှိသူများက နိုဝင်ဘာလ (၂)ရက်နေ့ ညနေပိုင်းက တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံပြီး နိုင်ငံရေးပါတီများ(၂)ခုနှင့်လည်း တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ လာရောက်ရာတွင် ဗြိတိန်သံရုံးစစ်သံမှူး Mr.Tony Stern ၊ ပထမအတွင်းဝန် Mr.Maynes Lves နှင့် စကားပြန် ဒေါ်သဇင်တို့ပါဝင်ပြီး တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်ဝင်းမောင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်နောင်စိုးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းတို့နှင့် ညနေ (၃)နာရီခွဲမှ (၅)နာရီကျော်အထိ တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တာချီလိတ်အတွင်း မဲရုံအရေအတွက်နှင့် မဲဆန္ဒရှင်ဦးရေ၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ မွေးနေ့၊ ရက်စွဲ၊ အမည်၊ လိပ်စာမှားများ မဲပေးခွင့် ရှိ/မရှိ ၊ တာချီလိတ်မြို့နယ်အတွင်း တပ်မတော်မှ မဲပေးနိုင်မည့် နေရာ အရေအတွက်၊ မဲပေးပုံ လက်တွေ့သရုပ်ပြဆင့်ပွားသင်တန်းပို့ချမှုများ၊ ပါတီအချင်းချင်း သင့်မြတ်မှုနှင့် မဲဆွယ် စည်းရုံးရာတွင် ပြဿနာရှိ/မရှိ ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု ရှိ/မရှိ ၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ကျပ်သိန်း(၁၀၀)ကျော်ထက် ပိုမိုသုံးစွဲက အရေးယူမှု ရှိ/မရှိ စသည့် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်သံမှူးနှင့်အဖွဲ့သည် မကာဟိုခမ်းရပ်ကွက်ရှိ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ညနေ (၅)နာရီခွဲမှ (၆)နာရီခွဲအထိ USDP ပါတီဝင် (၈)ဦးနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် USDP ပါတီမှ ခရိုင်အတွင်းရေးမှူး ဦးဘိုစံက USDP ပါတီအနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စသည့် နှစ်ပါတီနှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဖြစ်နေသည့် အတွက် ရှမ်းတိုင်းရင်းသား ပါတီများနှင့် ယှဉ်ပြိုင်ရာမှာ သဘာဝကျကြောင်း၊ မိုင်းဖုန်း(က)(ခ)ကျေးရွာအုပ်စုတို့သည် ရှမ်းလူမျိုး အများစုနေထိုင်သည့် နေရာဖြစ်သည့် အတွက် ယှဉ်ပြိုင်မှုကို ပိုပြီးအားစိုက်ရမှာဖြစ်ကြောင်း နှင့်
နယ်မြေဒေသများ အားလုံးသည် အေးချမ်းသည့်အတွက် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲမရှိကြောင်း ရှင်းပြပြောဆိုသည်။

စစ်သံမှူးနှင့်အဖွဲ့သည် ထိုမှတဆင့် ညနေ(၆)နာရီ (၅၅)မိနစ်မှ ည(၈)နာရီအချိန်ထိ NLD ပါတီရုံး၌ ပါတီဝင် (၅)ဦးနှင့် တွေ့ဆုံရာတွင် စစ်သံမှူး Mr.Tony Stern က "ကျွန်တော်တို့ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည်အဖွဲ့တွေဟာ ဘယ်ပါတီမှ ဘက်မလိုက်ပါဘူး အဲ့ဒီအတွက် မီဒီယာတွေအနေနဲ့လည်း ပွင့်လင်းမြင်သာစွာနဲ့ သတင်းရယူနိုင်ပါတယ်"ဟု ကမ်းလှမ်းသော်လည်း ၊ NLD ပါတီမှ အဆိုပါ တွေ့ဆုံပွဲအား သတင်းရယူနိုင်ရန်အတွက် မီဒီယာများကို ပေးမ၀င်ကြောင်း သိရသည်။

NLD ပါတီမှ လုံခြုံရေးတင်းကျပ်မှုနှင့် ပတ်သက်၍  အောက်တိုဘာ (၂၁)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တာချီလိတ်၌ လူထုတွေဆုံပွဲ ပြုလုပ်ရာတွင် လုံခြုံရေးများက အနီးကပ်လာသည့် ပြည်သူများအား တွန်းဖယ်ခြင်း၊ မောင်းထုတ်ခြင်းများ ပြုခဲ့သည့်အတွက် ဒေသခံတစ်ချို့၏ ဝေဖန်သံများကိုလည်း ကြားသိခဲ့ရသည်။

သတင်းမီဒီယာမှ စောင့်ကြည့်မှုနှင့် ပတ်သက်၍"နိုဝင်ဘာလ(၈)ရက်နေ့မှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ဘယ်ပါတီက ဘယ်လိုတွေလုပ်နေလဲ၊ ဘယ်ကော်မရှင်အဖွဲ့ခွဲတွေက ဘယ်လိုလုပ်နေတယ်ဆိုတဲ့ နည်းလမ်း မမှန်တာတွေကိုသိရှိရဖို့ အဲ့ဒီနေ့မှာ တာချီလိတ်က ဒေသခံ သတင်းမီဒီယာ (၉)ဦးနဲ့ လှည့်လည်သတင်းယူရင်း စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်.."ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစာဆရာအသင်း အတွင်းရေးမှူး ဦးဝင်းအောင်ဇော်က ပြောသည်။

သတင်း။  ။ မော်ကြီး(တြိဂံနယ်မြေ)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~