၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မှာဖြစ်သည့် အတွက် အများပြည်သူများအနေဖြင့် မဲပေးမှု မှန်ကန်စေရန်နှင့် မဲပေးနည်းများကို သိရှိစေရန်အတွက် ဆန္ဒမဲပေးနည်း သရုပ်ပြမှုကို တာချီလိတ်မြို့၌ နိုဝင်ဘာလ(၅)ရက်နေ့တွင် မဲရုံ နေရာ (၃)နေရာ၌ ပြုလုပ်မှာဖြစ်သည့် အတွက် မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပြီး နားမလည်သည်များကို မေးမြန်းနိုင်မှာ ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
"နက်ဖြန် နံနက်(၉)နာရီမှာ ၀မ်ကောင်းရပ်ကွက် ဘုရင့်နောင်ဈေးမှာရှိတဲ့ မဲရုံအမှတ်(၃) နဲ့ ရန်အောင်မြေဘုရားကြီးကျောင်းတိုက်အတွင်းက မဲရုံအပါအ၀င်၊ မိုင်းကိုးကျေးရွာအုပ်စုထဲက အလက(ခွဲ)(ပန်ဟတ်)ရှိ မဲရုံတို့မှာ သရုပ်ပြသွားမှာ ဖြစ်တဲ့အတွက် မည်သူမဆို လာရောက် ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်.."ဟု ခရိုင် ရွေး/ကော်အဖွဲ့ဝင် ခရိုင်ပြန်ဆက် ဦးစီးအရာရှိ ဦးလှဌေးမှ ပြောသည်။
ဝမ်ကောင်းရပ်ကွက် ဘုရင့်နောင်ဈေးရှိ မဲရုံ အမှတ်(၃)နှင့် ရန်အောင်မြေဘုရားကြီးကျောင်းတိုက်ရှိ မဲရုံ အမှတ်(၂)တို့သည် တာချီလိတ်မြို့နယ်၏ မဲဆန္ဒနယ် အမှတ်(၁)ဖြစ်ပြီး မိုင်းကိုးကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းခွဲ(ပန်ဟတ်) မဲရုံ အမှတ်(၁)သည် တာချီလိတ်မြို့နယ်၏ မဲဆန္ဒနယ် (၂)ဖြစ်သည်။