ရွေးကောက်ပွဲတွင် လူတစ်ဦးလျှင် မဲ(၃)မဲ သို့မဟုတ် မဲ(၄)မဲ ပေးရမည်

ရွေးကောက်ပွဲတွင် လူတစ်ဦးလျှင် မဲ(၃)မဲ သို့မဟုတ် မဲ(၄)မဲ ပေးရမည်
နိုဝင်ဘာ 3, 2015
By Tachileik News Agency

၂၀၁၅ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့် အမည်စာရင်း ပါရှိသူများ အနေဖြင့် နိုဝင်ဘာလ (၂)ရက်နေ့မှ နိုဝင်ဘာလ (၇)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်သက်သေခံ လက်မှတ်များကို ကြိုတင် ထုတ်ယူထားရမှာဖြစ်သည်။

"နိုဝင်ဘာလ (၂)ရက်နေ့မှာ စပြီး ကြေညာတဲ့ အပြီးသတ် မဲဆန္ဒရှင် စာရင်းမှာ မိမိတို့ရဲ့ အမည် ပါ မပါကို သွားကြည့်ဖို့ မဖြစ်မနေ လိုပါတယ်၊ ဒီစာရင်းမှာ အမည်မပါရင်တော့ မဲပေးလို့ မရပါဘူး၊ အမည်ပါတဲ့သူများ အနေနဲ့လည်း မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို ထုတ်ယူသွားဖို့လိုပါတယ်..."ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းမှ ရှင်းပြသည်။

မဲဆန္ဒရှင် သက်သေခံ လက်မှတ်၏ အနောက်ဘက်တွင် လူမျိုး ခွဲခြား ဖော်ပြထားခြင်းနှင့် ပတ်သက်၍"မဲဆန္ဒရှင် သက်သေခံ လက်မှတ်များရဲ့ အနောက်ဘက်က အပေါ်ဆုံးမှာ လူမျိုး နဲ့ အမှတ်စဉ် ပါရှိ ပါတယ်၊ လူမျိုးနေရာမှာ တိုင်းရင်းသားလူမျိုးအလိုက် ဗမာ၊ အာခါ၊ လီဆူ၊ လားဟူ စသည်ဖြင့် ပါပါတယ်၊ ဥပမာ ဗမာဆိုရင် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအတွက် မဲပေးရမှာပါ၊ အဲ့ဒါကြောင့် သက်သေခံ လက်မှတ်ရဲ့ လူမျိုးနေရာမှာ သက်ဆိုင်ရာ လူမျိုးအလိုက် ရေးထည့်ပေးထားတာဖြစ်ပါတယ်.."ဟု ၀မ်ကောင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

လူတစ်ဦးလျှင် ဆန္ဒမဲပေးရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် တစ်မဲ နှင့် တိုင်း/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အတွက် တစ်မဲ စုစုပေါင်း (၃)မဲကို ပေးရာမှာဖြစ်ပြီး၊ တိုင်းရင်းသားလူမျိုးအတွက် မဲထည့်ခွင့်ရှိပါက စုစုပေါင်း မဲ(၄)မဲ ပေးရာမှာဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~