ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သော ပြည်ခိုင်ဖြိုး ပါတီမှ ဦးလင်းဇော်ထွန်း၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော မဲရလဒ်များမှာ မှားယွင်းလျှက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်သူ ဦးရေ(၁၉,၅၁၀)သာရှိပြီး ဦးလင်းဇော်ထွန်း၏ ဆန္ဒမဲရရှိမှုမှာ (၅,၄၅၃) ရှိကြောင်း မိုင်းဖြတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှသိရသည်။
"အခု UEC ကထုတ်ပြန်တဲ့ အနိုင်ရကိုယ်စားလှယ် ဦးလင်းဇော်ထွန်းရဲ့ မဲရလဒ်က (၄၇,၁၀၅)ရှိနေတယ် တကယ်တမ်း တစ်မြို့နယ်လုံး ဆန္ဒမဲပေးနိုင်သူက (၁၉,၀၀၀)ကျော်ပဲရှိတယ်၊ ဘယ်လိုဖြစ်လဲတော့ ကျွန်တော်လည်း မသိဘူး၊ တစ်ခုခုတော့ လွဲနေပြီ.."ဟု ရပ်/ကျေးကော်မရှင်ဝင် တစ်ဦးက ပြောသည်။
"ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ်အတွင်းမှာ ဆန္ဒမဲပေးနိုင်သူက (၁၉,၀၀၀)ကျော်ဘဲရှိတယ်၊ အဲ့လောက် မဲရတာတော့ ကျွန်တော်တို့လည်း မသိဘူး.."ဟု မိုင်းဖြတ်မြို့နယ် ရွေးကော်ပွဲကော်မရှင်ရုံးမှ ကိုမြတ်သူမှပြောသည်။
"ဒေသမှာတော့ အမှန်တကယ် နိုင်နေပေမဲ့လည်း UEC ရဲ့ ပေါ့ဆမှုကြောင့် ရလဒ်အမှားအယွင်းတွေ များစွာရှိနေမယ်ဆိုရင်တော့ အနိုင်ရသူနဲ့ အနိုင်မရသူ အကြား အငြင်းပွားမှုတွေ ဖြစ်လာနိုင်တယ်.."ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ထုတ်ပြန်သော အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မဲရလဒ်တွင် (၄၇,၁၀၅)ဟုဖေါ်ပြထားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော မဲရလဒ်မှာ (၅,၄၅၃)သာရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်အတွင်း အနိုင်ရ USDP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအား ကြိုတင်မဲများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ(၄)ပါတီမှ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာအား နိုဝင်ဘာ(၉)ရက်နေ့တွင် ပေးပို့ထားကြောင်းသိရသည်။