၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မြို့နယ်(၁၀)မြို့နယ်မှ နိုင်ငံရေးပါတီ အသီးသီး အပါအ၀င် တစ်သီးပုဂ္ဂလများ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့မှ လွှတ်တော်(၃)ရပ်တွင် အားသာပြီး အနိုင်ရရှိကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းပျဉ်း နှင့် မက်မန်း စသည့် မြို့နယ်များတွင် အားအကောင်းဆုံး ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တာချီလိတ်၊ မိုင်းယောင်း နှင့် မိုင်းတုံ စသည့် မြို့နယ်တို့တွင် အားအကောင်းဆုံး ဖြစ်ကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် (၂)ဦး၊ ပြည်သူ့လွှတ်တော် (၆) ဦး၊ ပြည်နယ်(၁)လွှတ်တော်(၇)ဦး နှင့် ပြည်နယ်(၂)လွှတ်တော် (၆)ဦး စုစုပေါင်း (၂၁)ဦးတို့မှ လွှတ်တော်(၃)ရပ်၏ နေရာအသီးသီး၌ အနိုင်ရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမျိုးသားလွှတ်တော် (၁)ဦး၊ ပြည်သူ့လွှတ်တော်(၃)ဦး၊ ပြည်နယ်(၁) လွှတ်တော် (၂)ဦး နှင့် ပြည်နယ်(၂)လွှတ်တော်(၃)ဦး စုစုပေါင်း (၉)ဦးမှ လွှတ်တော်(၃)ရပ်၏ နေရာအသီးသီး၌ အနိုင်ရရှိသည်။
မက်မန်းမြို့နယ်၌ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၂)တွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိပြီး၊ ပြည်သူ့လွှတ်တော်နေရာတွင် တစ်သီးပုဂ္ဂလ ဦးတင်အေးက အနိုင်ရရှိကာ၊ ပြည်နယ်(၁)လွှတ်တော်တွင် 'ဝ'အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လည်းကောင်း၊ ပြည်နယ်(၂)လွှတ်တော်တွင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လည်းကောင်း အသီးသီး အနိုင်ရရှိသည်။