တန်ဆောင်မုန်း လပြည့်နေ့တွင် တာချီလိတ်၌ ညမီးကြည် အမျိုးအစား မီးပုံးပျံလွှတ်မည်

တန်ဆောင်မုန်း လပြည့်နေ့တွင် တာချီလိတ်၌ ညမီးကြည် အမျိုးအစား မီးပုံးပျံလွှတ်မည်
နိုဝင်ဘာ 26, 2015
By Tachileik News Agency

နိုဝင်ဘာလ (၂၆)ရက်နေ့ တန်ဆောင်မုန်း လပြည့်နေ့ညတွင် တာချီလိတ်မြို့၌ ညမီးကြည် အမျိုးအစား မီးပုံးပျံ လွှတ်ရန် ခွင့်ပြုချက် ရရှိပြီးကြောင်း နှင့် လွတ်ကင်းသည့်နေရာကို ရွေးချယ်ထားကြောင်း ရှယ်ထောမီးအဖွဲ့မှ သိရသည်။

"ကျွန်တော်တို့ ရှယ်ထောမီးအဖွဲ့က တန်ဆောင်မုန်း လပြည့်နေ့ ညမှာ မီးပုံးပျံကို ရှမ်းရိုးမကွင်းထဲမှာ လွှတ်ဖို့ အတွက် သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းတော့၊ သက်ဆိုင်ရာက ရှမ်းရိုးမကွင်း မရဘဲ၊ လေယာဉ်ကွင်း အနီးက ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်း အပိုင်မှာ လွှတ်ဖို့အတွက် ခွင့်ပြုပေးတယ်.."ဟု ရှယ်ထောမီး အဖွဲ့ခေါင်းဆောင် ကိုကျော်ဇော်လင်းက ပြောသည်။

"အရင်နှစ်တွေတုန်းက ရှမ်းရိုးမကွင်းမှာ လွှတ်ခွင့်ရခဲ့တာ၊ ဒီနှစ်တော့ ရှမ်းရိုးမ ကွင်းမရဘဲ၊ လေယာဉ်ကွင်း အနီးက ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းမှာ လွှတ်ဖို့ ခွင့်ပေးခဲ့တယ်၊ ကျွန်တော်တို့ အနေနဲ့ ကလည်း ခွင့်ပြုချက် ရတိုင်းလည်း လွှတ်လို့ မဖြစ်သေးပါဘူး၊ ဘေးပတ်ဝန်းကျင်တွေကို ထည့်စဉ်းစားရသေးတာပါ၊ အခု ခွင့်ပြုထားတဲ့ ကွင်းရဲ့ အနီးမှာက လေယာဉ်ကွင်းရှိတယ်၊ နောက်ပြီး စက်သုံးဆီ သိုလှောင်တာတွေလည်း ရှိတဲ့အပြင် စစ်တပ်တွေလည်းရှိတော့ အန္တရာယ်များပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဘေးလွတ်ကင်းတဲ့ နေရာကို ရွေးပြီး လွှတ်ဖို့ စီစဉ်ထားကြပါတယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

"နေ့လည်ဘက်မှာတော့ ကလေးတွေအတွက် မီးပုံးပျံ အရုပ် (၃)ရုပ် လွှတ်ဖို့ရှိပါတယ်၊ ကလေးတွေ ကြည့်နိုင်အောင်လို့ပါ၊ ည(၈)နာရီမှာတော့ ညမီးကြည် မီးပုံပျံကြီးကို လွှတ်မှာပါ.."ဟု ကိုကျော်ဇော်လင်းက ပြောသည်။

"ရှယ်ထောမီးအဖွဲ့အနေနဲ့ ကျွန်တော်တို့ တာချီလိတ်မှာ မီးပုံးပျံ လွှတ်လာတာ ဒီနှစ်ဆိုရင် (၁၂)နှစ်တိတိ ပြည့်ပါပြီ၊ တစ်နှစ်ကို မီးပုံးပျံ(၅)လုံးအထိ လွှတ်နိုင်ခဲ့ပါတယ်၊ တစ်လုံးကို ကျပ်ဆယ်သိန်းအထက် ရှိပါတယ်၊ ဘုရားရှင်ကို ပူဇော်တဲ့ သဘောပါ၊ ရိုးရာမပျက် ဆင်နွှဲလာတာပေါ့၊ ၂၀၁၀ တုန်းကလည်း တောင်ကြီး တန်ဆောင်တိုင်မှာ သွားပြိုင်ဖြစ်ခဲ့တယ်.."ဟု ၎င်းမှ ဆက်လက် ပြောပြသည်။

တာချီလိတ်မြို့ ရှယ်ထောမီးအဖွဲ့မှ လွှတ်တင်မည့် မီးပုံးပျံမှာ ညမီးကြည် အမျိုးအစားဖြစ်ပြီး ညမီး၏ အချင်းမှာ (၁၈)ပေ နှင့် မီးပန်းခွေမှာ (၄)ပေရှိပြီး မီးဇာမှာ (၃)ပေရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~