တာချီလိတ် NLD မှ မော်တော်ယာဉ် အမြောက်အများဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး စီတန်းလှည့်လည်

တာချီလိတ် NLD မှ မော်တော်ယာဉ် အမြောက်အများဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး စီတန်းလှည့်လည်
နိုဝင်ဘာ 4, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖြစ် ယနေ့ ၂၀၁၅ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့တွင်း၌ အင်အား တစ်ထောင်ဝန်းကျင်က မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစွံဆိုင်း၊ အာခါတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ဦးယာကုတ် နှင့် လားဟူတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ဦးဂျွန်လီတို့မှ ဦးဆောင်ကာ ပါတီဝင်များ နှင့် NLD အား အားပေးသည့် ပြည်သူ တစ်ထောင်ကျော်တို့ဖြင့် တာချီလိတ်မြို့နယ် NLD ရုံးမှ မယ်ယန်း တိုးဂိတ်အထိ မော်တော်ယာဉ် အမြောက်အများဖြင့် စီးတန်းလှည့်လည်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

"ကားတွေ ဆိုင်ကယ်တွေကတော့ ဘယ်နှစ်စီးမှန်းကို မသိဘူး၊ တော်တော်များတယ်၊ ကျွန်တော်ကတော့ NLD ပါတီဝင်တော့ မဟုတ်ဘူး၊ NLD ကို အားပေးတဲ့သူတစ်ယောက်မို့ မယ်ယန်းတိုးဂိတ်ထိ ဆိုင်ကယ်နဲ့ တောက်လျှောက် လိုက်ဖြစ်တယ်.."ဟု မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါသူ လူငယ်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဌေးဝင်း၊ တာချီလိတ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုင်းစွံဆိုင်း၊ အမှတ်(၂) မဲဆန္ဒနယ် ဦးခင်မောင်တင့်တို့ ပါဝင်ပြီး တိုင်းရင်းသားရေးရာ နေရာများအဖြစ် အာခါတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ဦးယာကုတ် နှင့် လားဟူတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ဦးဂျွန်လီတို့မှ ၀င်ရောက် ရွေးချယ်ခံကြကြောင်း သိရှိရသည်။
ဓါတ်ပုံ။  ။ စိုးထွန်းနိုင်(ကောင်းဆက်လင်း)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~