ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲများ(၄)ရက်ခန့် ရပ်နားထားပြီး (၂)ဖက် အင်အားများ ဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။
"အခုတစ်လော ရွေးကောက်ပွဲ ကာလမို့ တိုက်ပွဲတွေ ရပ်ထားတယ်၊ နမ့်စန်မြို့က စစ်ဘက် လေယာဉ်တွေရှိလို့ လုံခြုံရေးတော့ မြှင့်ထားတယ်လို့ ကြားတယ်၊ ညဆို (၁၀)နာရီ ပတ်ဝန်းကျင် လောက်မှာ သေနတ်သံတွေ ကြားရတယ် တိုက်ပွဲတော့ မဟုတ်ဘူး၊ အချက်ပေးတာ"ဟု နမ့်စန်မြို့ခံ စိုင်းထွန်းညွှန့်မှ ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း SSPP/SSA ရှမ်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော် တိုက်ပွဲများဖြစ်ပွားမှုမှာ (၄)ရက်ခန့် ရပ်နားထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ နမ့်စန်မြို့အနီး SSPP/SSA ရှမ်းတပ်ဖွဲ့မှ လက်နက်ကိုင် (၄၀၀)ခန့် မိုင်းရှူးမြို့နယ်၊ မိုင်းနောင်ဘက်သို့ အင်အားဖြည့်တင်းရန် လွန်ခဲ့သည့် အပတ်အတွင်းက ဖြတ်သန်းသွားခြင်းကြောင့် နမ့်စန့်မြို့တွင် လုံခြုံရေး တင်းကြပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
"အခုတော့ (၂)ဖက်လုံး ငြိမ်နေတာဘဲ အင်အားတော့ ဖြည့်နေတာတွေ တွေ့ရတယ် မြန်မာစစ်တပ်ကဆို ဒီနေ့ နေ့လည် (၂)နာရီခွဲ အချိန်လောက်က သံချပ်ကာကား (၄)စီး နှင့် တင့်ကား (၂)စီးတို့ ခိုလမ်မြို့ကို ကျော်လွန်ပြီး ကွန်ဟိန်းဘက်ကို တက်သွားတာတွေ့တယ်.."ဟု ခိုလမ်မြို့ ဒေသခံ ကိုစိုင်းတွီက ပြောသည်။
ထို့သို့ (၂)ဖက် အင်အားဖြည့်တင်းနေခြင်းကြောင့် ရွေးကောက်ပွဲလွန် ကာလတွင် စစ်ဖြစ်ပွားမှု ပိုမိုများပြားလာမည်ကို စိုးရိမ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။