ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ (၄)ခုတို့က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာကို နိုဝင်ဘာလ(၉)ရက်နေ့ ညပိုင်းက ပို့ထားကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များ၏ ကြိုတင်မဲများကို ရေတွက်ခဲ့ရာ ကြိုတင်မဲအစောင်ရေ စုစုပေါင်း (၄၂၂၀)စောင်တွင် မဲလက်မှတ် တစ်ခုစီတိုင်း၌ အမှတ်အသားပြ သင်္ကေတပုံသဏ္ဌာန်များ တူညီစွာ တွေ့ရှိရပြီး ၎င်းသင်္ကေတတို့သည် တစ်ဦးတစ်ယောက်တည်းမှ ပြုလုပ်ထားဟန်ရှိနေကြောင်း တွေ့ရှိရသည့် အတွက် နိုင်ငံရေးပါတီ (၆)ခုမှ ကိုယ်စားလှယ်များက ကန့်ကွက်ရာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအတွက် (၁၁၈)စောင်ကို ပယ်မဲအဖြစ် မြို့နယ်ကော်မရှင်က သတ်မှတ်ပေးပြီး ကော်မရှင်အဖွဲ့မှ အခန်းပိတ် အစည်းအဝေးပြုလုပ်ပြီး ပြန်ထွက်လာပြီးနောက် မဲများကို ထပ်မံရေတွက်ရာ အမှတ်အသားပြ လက်မှတ်များ ပါနေသော်လည်း ပယ်မဲအဖြစ် မသတ်မှတ်ပေးသည့်အတွက် ယခုလို ကန့်ကွက်စာတင်ရတာဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောပြသည်။
"မြို့နယ်ကော်မရှင် ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်တယ်လို့ ပြောဆိုပြီး အမှတ်အသားပါတဲ့ မဲလက်မှတ်တွေကို ပယ်မဲအဖြစ် မသတ်မှတ်ဘဲ ခိုင်လုံမဲဆိုပြီး ရေတွက်သွားတယ်.."ဟု စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပြသည်။
ကြိုတင်မဲ (၄,၂၂၀)တွင် (၃,၉၅၅)မဲမှာ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းကိုသာ ပေးထားသည့် မဲများဖြစ်နေပြီး ပြည်သူ့လွှတ်တော်တွင် (၁,၀၂၇)မဲ၊ အမျိုးသားလွှတ်တော်တွင် (၉၅၂)မဲ၊ ပြည်နယ်လွှတ်တော် အမှတ်(၁)တွင် (၇၆၆)မဲ၊ ပြည်နယ်လွှတ်တော် အမှတ်(၂)တွင် (၂၉၃)မဲ၊ ဗမာတိုင်းရင်းသားရေးရာတွင် (၉၀၃)မဲ၊ အာခါတိုင်းရင်းသားရေးရာတွင် (၉)မဲ နှင့် လားဟူတိုင်းရင်းသားရေးရာတွင် (၅)မဲ စုစုပေါင်း (၃၉၅၅)မဲရှိပြီး ပယ်မဲမှာ (၁၉၈)မဲဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်သည် အများအားဖြင့် တပ်နယ်မြေဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကြိုတင်မဲများနှင့် ဆန္ဒမဲများကြောင့် လွှတ်တော်(၃)နေရာလုံးတွင် အနိုင်ရထားသော်လည်း ပြည်ထောင်စုကော်မရှင်က အတည်မပြုပေးရသေးကြောင်း လေ့လာစောင့်ကြည့်သူများထံမှ သိရသည်။