မိုင်းဖြတ်မြို့တွင် မဲရုံများဆောက်လုပ်ရန်အတွက် ချပေးသည့် ငွေကြေးများ လုံလောက်မှု မရှိ

မိုင်းဖြတ်မြို့တွင် မဲရုံများဆောက်လုပ်ရန်အတွက် ချပေးသည့် ငွေကြေးများ လုံလောက်မှု မရှိ
နိုဝင်ဘာ 2, 2015
By Tachileik News Agency

မိုင်းဖြတ်မြို့နယ် အတွင်း မဲရုံများ တည်ဆောက်ရန် သစ်ဖိုး၊ ၀ါးဖိုး နှင့် ပိတ်စဖိုး စသည့် ကုန်ကျမည့် ငွေကြေးများမှာ လုံလောက်မှု မရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

"ကျွန်တော်တို့ကို မဲရုံတစ်ရုံ ကျပ်(၃၀,၀၀၀)ပဲ ချပေးတယ်၊ ဒါပေမယ့် တစ်ချို့မဲရုံတွေက ဆောက်ဖို့ မလိုဘူး၊ တစ်ချို့ မဲရုံကျတော့ ဆောက်ရမှာ အဲ့မှာ (၃၀,၀၀၀)နဲ့ဆောက်ဖို့က လုံးဝမဖြစ်နိုင်ဘူး၊ ဒီခေတ် အခြေအနေနဲ့ ခရိုင်ကော်မရှင်ကိုတော့ တင်ပြထားတယ်.."ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထွန်းမြင့်မှပြောသည်။

မဲရုံအများစုမှာ စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားခြင်းကြောင့် ဆောက်လုပ်ရန် မလိုအပ်သော်လည်း၊ အသစ် တည်ဆောက်ရမည့် မဲရုံများမှာ ယနေ့ခေတ် သစ်ဈေးဝါးဈေးနှင့် လုံးဝမဖြစ်နိုင်ကြောင်း၊ ဆောက်လုပ်ရန် မလိုအပ်သော မဲရုံများမှ ငွေကြေးအား ပြန်လည်အသုံးပြုမည် ဆိုပါက ဘတ်ဂျက်ထဲတွင် မပါဝင်သဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ၎င်းမှပြောသည်။

မိုင်းဖြတ်မြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ် (၁)တွင် (၉,၅၃၆)ဦး ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် (၉,၉၇၄)ဦးရှိပြီး မဲဆန္ဒပေးနိုင်သူ စုစုပေါင်း ဦးရေ(၁၉,၅၁၀)ဦးရှိကြောင်း သိရသည်။

တပ်ဧရိယာအတွင်း မဲရုံ(၅)ရုံ တည်ဆောက်မည်ဖြစ်ပြီး တပ်ရင်း(၅)ခုနှင့် တပ်ဖွဲ့တပ်ဆွယ် စုစုပေါင်း(၁၅)ခုခန့်ရှိကြောင်း တပ်နှင့် တပ်မိသားစု မဲဆန္ဒနယ်စာရင်း (၂,၆၀၆)ဦးရှိကြောင်း နှင့် ကြိုတင်မဲပေးမည့်သူ
(၁,၀၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း နိုင်ငံရေးပါတီ (၇)ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၇)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၇)ဦးနှင့် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်များ ၀င်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~