တာချီလိတ်၌ ကွမ်းဈေးကွက် မြင့်တက်

တာချီလိတ်၌ ကွမ်းဈေးကွက် မြင့်တက်
နိုဝင်ဘာ 22, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်၌ ဆောင်းရာသီအ၀င် ကွမ်းဈေးများ သိသိသာသာ မြင့်တက်လာကြောင်း နှင့်  Mobile Team မှ FDA ထောက်ခံချက် မပါသည့် စားသုံးရန်မသင့်သည့် အိန္ဒိယက ၀င်သော ကွမ်းဆေးဗူးများကို တားဆီးမှုများကြောင့် ကွမ်းဈေးနှုန်းများ မြင့်တက်သော်လည်း စားသုံးသူများမှာ ပုံမှန်ရှိနေကြောင်း သိရသည်။

"ကွမ်းယာပစ္စည်းတွေကို Mobile Team က ဖမ်းတာရှိပါတယ်၊ အဓိကဖမ်းတာ အိန္ဒိယက၀င်တဲ့ ဆေးတွေကိုပါ FDA ထောက်ခံချက် မပါတဲ့အတွက် စားသုံးရန် မသင့်ဘူးဆိုပြီး ဖမ်းတာပါ၊ နည်းနည်းပါးပါး ဆိုရင်တော့ ဒေသတွင်း စားသုံးဖို့ ခွင့်ပြုပေးထားပါတယ်.."ဟု ကွမ်းနှင့်ကွမ်းယာပစ္စည်း ရောင်းချသူ ဦးအောင်မျိုးဝင်းမှ ပြောသည်။

"ကွမ်းရွက်ဈေးတက်ရတာက ဒီလို ဆောင်းရာသီစပြီ ဆိုရင် ပုံမှန်ထက် အထွက်နည်းတာကြောင့် ဈေးတက်သွားတာပါ၊ အရင်က ကွမ်းတစ်ပိဿာကို ဘတ်(၁၅၀)ဆိုရင် အခုဆိုရင် (၂၅၀)ဘတ်အထိ ခုန်တက်လာပါတယ်.."ဟု မိဘဂုဏ်ရည် ကွမ်းနှင့်ကွမ်းပစ္စည်းဆိုင်ပိုင်ရှင် ကိုကျော်ကျော်ချစ်မှ ပြောသည်။

"အရင်က ကျွန်တော်တို့ဆိုင်မှာ (၁၀)ဘတ်ဖိုး ကွမ်း(၈)ယာပေးတယ်၊ အခုကွမ်းဈေးတက်လို့ (၁၀)ဘတ်ဖိုးဆိုရင် ကွမ်း(၇)ယာပဲ ပေးနိုင်ပေမဲ့လည်း စားသုံးသူကတော့ ကျ မသွားပါဘူး၊ တစ်နေ့ကို ကွမ်းပိဿာချိန် (၂၃)ပိဿာလောက် ကုန်တယ်.."ဟု ဗိုလ်ချုပ်လမ်းမဘေးရှိ ကွမ်းယာရောင်းသူ တစ်ဦးက ပြောသည်။

ကွမ်းရွက်နှင့်ကွမ်းပစ္စည်းများမှာ မန္တလေးမှ တင်သွင်းပြီး မိုင်းဆတ်၊ မိုင်းတွင်း၊ ပုံပါကျင်ဒေသများ အထိ ရောင်းချရပြီး ထိုင်းငံအတွင်းရှိ မြန်မာလူမျိုးများအတွက်လဲ ရောင်းချရကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~