တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ပီယဖောင်းရပ်ကွက်ရှိ မနက်ဈေး လမ်းဆုံတွင် ယနေ့ နိုဝင်ဘာလ(၁)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်တွင် အခြေအနေမဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် အရက်အမူးလွန်ပြီး အိပ်ပျော်နေစဉ် သေဆုံးသွားကြောင်း သိရသည်။
"ဒီလူက အရက်အရမ်းသောက်လွန်းလို့ ဆေးရုံကနေ ဆေးကုပြီး ဆင်းလာတာ (၂)ရက်ပဲ ရှိသေးတယ်၊ နာမည်ကတော့ ကိုမောင်မောင်ပါ၊ အသက်ကတော့ (၄၀)ကျော်လောက်ရှိပြီ၊ သူရဲ့ ဇာတိကတော့ ရခိုင်ပြည်နယ်ဘက်ကလို့ သိရပေမဲ့၊ ဒီမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတော့ မသိဘူး.."ဟု မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအား ကူညီပေးနေသူ ဦးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"မနက်ကတည်းက သောက်နေတာလို့ သိရတယ်၊ အရက်သောက်ပြီး ခုလိုပဲ လမ်းဘေးမှာ အိပ်နေတော့ နေ့လည် (၂)နာရီဆိုတာကလည်း နေပြင်းပူနေတဲ့ ဒဏ်ကြောင့်လည်း ပါတယ်ထင်တယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
သေဆုံးသူသည် အဆိုပါ ဈေးအနီးတ၀ိုက်တွင် ကြုံရာကျဘမ်းနေထိုင် သူဖြစ်ကြောင်းနှင့် သေဆုံးသူ၏ အလောင်းအား မယ်ဆိုင်မြို့ရှိ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဦးထွန်း(မယ်ဆိုင်)