တာချီလိတ်မှ နေ့ဆိုင်းကျ ဟိုတယ်ဝန်ထမ်းများ မဲပေးခွင့် အချိန်(၂)နာရီသာ ရရှိ၍ အချိန် မလုံလောက်မည်ကို စိုးရိမ်ပူပန်နေ

တာချီလိတ်မှ နေ့ဆိုင်းကျ ဟိုတယ်ဝန်ထမ်းများ မဲပေးခွင့် အချိန်(၂)နာရီသာ ရရှိ၍ အချိန် မလုံလောက်မည်ကို စိုးရိမ်ပူပန်နေ
နိုဝင်ဘာ 7, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ရှိ ဟိုတယ်များမှ နေ့ဆိုင်းဝင်ရသော ၀န်ထမ်းများ အနေဖြင့် နိုဝင်ဘာလ (၈)ရက်နေ့တွင် မဲပေးရန် အတွက် ခွင့်ပြုချက် အချိန်(၂)နာရီသာ ရရှိသည့်အတွက် အချိန်မလောက်မှာကို စိုးရိမ်ပူပန်နေကြသည်။

"ကျွန်တော်က ဟိုတယ်မှာ နေ့ဆိုင်းကျတာပါ၊ နက်ဖြန်ဆိုရင် မဲသွားထည့်ရမှာ၊ ဟိုတယ်က အလုပ်ပေး မနားဘူး၊ မဲပေးခွင့်ကိုလည်း တစ်ယောက်ကို ကြာချိန် (၂)နာရီပဲ ပေးမယ်လို့ ပြောပါတယ်၊ အချိန်မလောက်ရင် ဘယ်လိုလုပ်မလဲဆိုတော့ ရှေ့လူသွားပြီး ပြန်လာမှ ကျန်တဲ့ လူက မဲသွားထည့်ရမယ်လို့ ပြောပါတယ်၊ မဲထည့်တာက တန်းစီရတာတွေ၊ လူများတာတွေဆိုရင် အချိန် (၂)နာရီနဲ့ လောက်မှာလည်းမဟုတ်ဘူး.."ဟု ရွှေတြိဂံဟိုတယ်မှ နေ့ဆိုင်းကျသည့် ၀န်ထမ်းတစ်ဦးက ပြောသည်။

"ရီဂျီးနားဟိုတယ်ကတော့ မြို့တွင်းကို တစ်ယောက် (၂)နာရီ ခွင့်ပြုပေးထားတယ်၊ မယ်ယန်း၊ တာလေဆိုရင် (၃)နာရီ ကျိုင်းတုံဆိုရင် (၁)ရက် ခွင့်ပြုထားပါတယ်.."ဟု ရီဂျီးနား ဟိုတယ်မှ ၀န်ထမ်းတစ်ဦးက ဆိုသည်။

"မဲသွားပေးမယ်ဆိုရင် သက်သေခံလက်မှတ် သူတို့ကို အရင်ပြပြီးမှ မဲသွားပေးရမယ်တဲ့၊ အချိန်(၂)နာရီ မဲပေးသွားတဲ့ သူတွေတောင် သက်သေအဖြစ် မှင်တို့လာတာကို လာပြရမယ်တဲ့၊ ပြောတဲ့သဘောက သက်သေမရှိရင် အခြေအနေမကောင်းဘူးဆိုတဲ့ သဘောဖြစ်နေတယ်"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

"ကျွန်တော်တို့ အတွက် မဲပေးချိန်က တစ်ယောက်ကို (၂)နာရီပဲ ဟိုတယ်က ခွင့်ပြုပေးထားတယ်၊ မဲရုံတစ်ရုံမှာ လူက အနည်းဆုံး တစ်ထောင်ကျော်ရှိနေတာ၊ တကယ်လို့ မပြီးရင် ဘယ်လိုလုပ်မလဲ မသိဘူး၊ ကျွန်တော်တို့ သွားပြီး ပြန်လာမှ ကျန်တဲ့လူက သွားရမှာဆိုတော့ အခက်တွေ့ပြီပေါ့ဗျာ၊ အဲ့ဒီအတွက် ကျွန်တော်တို့ နေ့ဆိုင်းကျတဲ့ သူငယ်ချင်းတွေလည်း စိုးရိမ်နေကြတယ်.."ဟု

"တန်းစီပြီး စောင့်ရမဲ့စနစ်ပါ၊ ဟိုတယ်ဝန်ထမ်းဖြစ်နေလို့ ဆိုပြီး အလှည့်ကျော်ပေးလို့မရပါဘူး၊ ကျွန်တော်ကိုယ်တိုင်တောင် တန်းစီရမှာပါ၊ ၀န်ထမ်းတွေ အတွက် သတ်မှတ်ချိန် (၂)နာရီ က မဲပေးတဲ့သူ နည်းနေတဲ့ နေရာတွေဆို ကိစ္စမရှိနိုင်ပေမဲ့၊ မဲပေးတဲ့လူတွေ တန်းစီနေတာတွေ များရင်တော့ သတ်မှတ်အချိန်က မလောက်နိုင်ပါဘူး၊ ဟိုတယ်တာဝန်ရှိသူတွေ အနေနဲ့လည်း ၀န်ထမ်းများ မဲပေးနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်.."ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းက ပြောသည်။

"အခုလို အချိန်(၂)နာရီပဲ သတ်မှတ်ပေးထားတော့ အချိန် နောက်ကျရင် ပိုက်ဆံဖြတ်ခံရမှာ ကြောက်လို့ဆိုပြီး ကျွန်တော် သူငယ်ချင်း တော်တော်များများတောင် မဲသွားထည့်ချင်ပေမဲ့ မထည့်တော့ဘူးဆိုပြီး ပြောနေကြတယ်"ဟု အလူရာဟိုတယ် ၀န်ထမ်းတစ်ဦးက ပြောလာသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၌ မည်သူမဆို ရွေးကောက်ပွဲများတွင် လူပုဂ္ဂိုလ်တဦး၏ ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း၊ မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

နောက်ဆုံး သတင်း Update: 7/11/2015 4:48PM


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~