တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု ၀န်ထမ်းကုန်းကျောင်းတိုက်တွင် ကျောက်ကြီးစီ မြေထိန်းနံရံ အသစ်ကာရံပြုပြင်နေမှု နှင့် ပတ်သက်၍ စေတနာရှင်များမှ လှူဒါန်း လာလျက်ရှိရာ လတ်တလောမှာ ဘိလပ်မြေ အိတ်(၃၀၀)ရရှိထားပြီး ကျောက်ကြီးနှင့်ကျောက်သေး အပြင် သဲတို့ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
"ဘိလပ်မြေတွေကိုတော့ အလှူရှင်တွေ လာလှူကြပါတယ်၊ ကျောက်ကြီးနဲ့ ကျောက်သေးအပြင် သဲများလည်း လိုအပ်နေပါသေးတယ်၊ စေတနာရှင်များ အနေနဲ့ မိမိတို့ တတ်နိုင်တဲ့ ဘက်က ပါဝင်လှူဒါန်းနိုင်ပါတယ်"ဟု လုပ်အားဒါနဖြင့် တာဝန်ခံ တည်ဆောက်ပေးနေသူ ကိုဇေယျာအောင်က ပြောသည်။
ကျောက်ကြီး (၃)ချူးစာပါ တစ်စီးလျှင် (၁၈၀၀)ဘတ်နှုန်းရှိပြီး၊ ကျောက်သေး (၃)ချူးစာပါ တစ်စီးလျှင် (၂၀၀၀)ဘတ်ရှိကြောင်း နှင့် သဲကြမ်းမှာလည်း (၃)ချူးစာပါ (၁)စီးလျှင် (၁၀၀၀)ဘတ်ရှိသည့်အတွက် စေတနာရှင်များအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ လှူဒါန်းနိုင်ကြောင်း သိရသည်။
မြေထိန်းနံရံ တည်ဆောက်မှုမှာ ထိုင်းဘတ်ငွေ (၆)သိန်းခန့် ကုန်ကျနိုင်မည်ဖြစ်ပြီး၊ ယခုလက်ရှိတွင် ဘတ်(၁) သိန်းကျော် ကုန်ကျလျက်ရှိသည့် အတွက် ကျောက်ကြီးစီ မြေထိန်းနံရံအား အဆင်ပြေစွာ နှင့် အမြန်ဆုံး ပြီးမြောက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များ လိုအပ်လျက်ရှိသည်။
လတ်တလောတွင် မြန်မာ - ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေး မိသားစုမှ ဘိလပ်မြေအိတ်(၂၀၀)၊ တာချီလိတ်မြို့နေ ဦးအောင်ဖြိုးရှိန်၊ သမီး မနှင်းလဲ့ရည်အောင်၊ တူ ကိုအောင်သန်းစိုး သူရိယသင်္ကန်းတိုက် မိသားစုမှ ဘိလပ်မြေအိတ် (၁၀၀)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း မိသားစုမှ (၁၀၀၀၀)ဘတ်တို့ လှူဒါန်းထားရှိပြီး တာချီလိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်ကာ မြို့သူ၊ မြို့သားတို့ စုပေါင်း၍ ကုသိုလ်ယူဆောင်ရွက်နေလျက်ရှိရာ မြေထိန်းနံရံအတွက် ကုန်ကျမှုအဖြစ် အလှူငွေများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ စေတနာရှင် အလှူရှင်များအနေဖြင့် တတ်နိုင်သည့် ဘက်မှ ပါဝင် ကုသိုလ်ယူ လှူဒါန်းလိုပါက ဦးတင်ဝင်းရွှေ ( တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ) ထိုင်းဖုန်း။ ။ 0850181889 နှင့် မြန်မာဖုန်း။ ။ 09261300680 အပြင် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု ၀န်ထမ်းကုန်းကျောင်းတိုက်တွင်လည်း လာရောက် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။