ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့ အင်္ဂါနေ့က တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ ပါတီစည်းရုံးရေးနဲ့ အောင်နိုင်ရေး အခမ်းအနားမှာ တက်ရောက်ပြီး တောင်းဆိုမှုကြောင့် ကျွန်တော်စကားပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် ပြောခဲ့တာတွေနဲ့ သက်ဆိုင်တဲ့ အသံဖိုင်တွေ ဖေ့ဘုတ်မျက်နှာတွေပေါ်မှာ ပါလာတော့ ကောင်းတာရော၊ ဆိုးတာရော ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ကျောင်းအုပ်တစ်ယောက်က နိုင်ငံရေးလုပ်ရမလားဆိုတဲ့ စကားလုံးတွေကြားရတော့ ကျွန်တော်တို့ လူမျိုးတွေ အယူအဆဟောင်းအောက် မိန်းမောနေတုန်းပါလားလို့ စိတ်မကောင်းဖြစ်ရပြန်တယ်။
"ဝန်ထမ်းများ ပါတီနိုင်ငံရေး မလုပ်ရ.."ဆိုတဲ့ ဥပဒေကို ကျွန်တော်မသိတာမှ မဟုတ်တာ၊ ရှင်းရှင်းပြောရရင် ကျွန်တော်က အစိုးရ လခစား ပညာရေးဝန်ထမ်း မဟုတ်သလို၊ ဘယ်ပါတီဝင်မှလည်း မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ အပြစ်မရှိ အပြစ်ရှာတတ်တဲ့ ဥာဉ်ဟောင်းလေးတွေ ကြားချောင်ပိတ်မိနေသူတွေ အမြင်ရှင်းဖို့၊ "ဒီလိုတက်ရောက်စကားပြောဆိုမှုဟာ ကျောင်းနဲ့ မဆိုင်၊ ကျောင်းအုပ်ဆရာတစ်ယောက်အနေနဲ့ တက်ရောက်ခြင်း မဟုတ်၊ လူ့အခွင့်အရေးကို လိုလားသော၊ ဒီမိုကရေစီစနစ်ကို တောင့်တသော နိုင်ငံသားတစ်ယောက်အနေနဲ့ တက်ရောက်စကားပြောခြင်းပါ"လို့ စကားပလ္လင်ခံထားပြီးသားပါ။
အမှန်တော့ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေပြီလို့ စစ်စစ်မှန်မှန် သဘောထားကြရင် ဒီလိုစကား ခံရတာကိုက နိုင်ငံတော်ကို မယုံကြည်သလို အထင်ခံရနိုင်ပါတယ်။
ကျွန်တော်က နိုင်ငံရေးသမားတစ်ယောက် မဟုတ်သလို၊ ဝါဒတစ်ခုကို တရားသေ ဆုပ်ကိုင်ထားသူလည်း မဟုတ်ပါဘူး။ တိုင်းပြည်အခြေအနေ၊ ပြည်သူလူထုဘဝကို တစိုက်မတ်မတ် စောင့်ကြည့်၊ နိုင်ငံတော်မှာ လက်ရှိအာဏာရ ပုဂ္ဂိုလ်တွေ ရဲ့လုပ်ရပ်၊ အမှားအမှန် အဆိုးအကောင်းကို သုံးသပ်ရင်း အကောင်းဆုံးကို ဖြစ်စေချင်သူတစ်ယောက်ပါ။ ဒါဟာနိုင်ငံသားတစ်ယောက် ထားရှိရမဲ့ စိတ်ထား၊ သမိုင်းပေး တာဝန်တစ်ခုဘဲလို့ ပြောရင်မှားနေတယ်လို့ ပြောကြမလား။
ကျွန်တော့်ကျောင်းမှာ အာဏာရှင်စနစ် မကောင်းကြောင်း၊ ဒီမိုကရေစီသာ လူ့ရပိုင်ခွင့်အနှစ်တရားလို့ ဘယ်တော့မှထုတ်ဖော်မပြောဘဲ ကျွန်တော့အသိ ရင်ထဲမှာဘဲရှိခဲ့တယ်။ နိုင်ငံရေးဆိုတာ ဘာမှန်းမသိ၊
ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စပါလားလို့ သိရှိနိုင်အောင်တောင် အသိတရား ပိတ်ဖုံးခံနေရတဲ့ ရိုးစင်းတဲ့ ကျောင်းသားတွေကြား အလင်းတံခါးဖွင့်ပြဖို့ ဖြစ်တည်လာတဲ့ ဆန္ဒမျိုချထားခဲ့တယ်။
၁၉၇၄ခုနှစ်က စတဲ့ မဆလပါတီလို တေဇ၊ ရှေ့ဆောင်၊ လမ်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်
ကျောင်းသားလူငယ်တွေကို ကေဒါမွေး မိမိအာဏာတည်တံ့ရေးကို အလေးပေးဆောင်ရွက်ခဲ့သူတွေလို
ပါတီနိုင်ငံရေး အိပ်မက်ထဲတောင် မတွေးခဲ့မိဘူး။
(၅၉)(စ)ဟာ လူတစ်ဦးတစ်ယောက် သမ္မတဖြစ်ရေး အခွင့်အလမ်းပျောက်အောင် တမင်ညစ်ထုတ် ဥပဒေ လုပ်ခဲ့တယ်လို့လည်း အမြင်ကိုတင်ပြ ရင်ဖွင့်ချခဲ့လို့လား။ အမျိုး ဘာသာ သာသနာ ဟစ်ကြွေး၊ ဒါ တိုင်းပြည်ကာကွယ်ရေးလုပ်နေကြတာလို့ ခံယူသူတွေအပေါ် အားနည်းချက် ထောက်ပြ၊ ပြင်ဆင်ကြပါလို့လည်း အရေးမဆို ကျွန်တော်နှုတ်ပိတ်တတ်ခဲ့တယ်။
ဘာသာနဲ့ သာသနာတည်တံ့ရေး ဥပဒေနဲ့အကာအကွယ် ဘယ်လိုပင် ပေးနေပေမဲ့၊ ဘာသာကူးပြောင်းပြီး
ဘာသာခြားကိုသာ ယူသွားရင် ကိုယ်ကျိုးနည်းပါပြီဆိုတဲ့အသိ ရင်မှာမချိပေမဲ့ အများသိအောင်ထုတ်ပြောဖို့ ကျွန်တော်နှာစေးနေခဲ့တယ်။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးဆိုတာ အလုံပိတ်အိမ်အတွင်း ထွန်းလိုက်တဲ့ ဖရောင်းတိုင် အလင်းပါလားလို့လည်း ပြက်ရယ်မပြုဘဲ၊ ပင့်သက်သာရှိုက်ထုတ်ခဲ့တယ်။ မြန်မာပြည်ဆိုတာ တိုင်းရင်းသားစုံ၊ ဘာသာစုံတွေ စုပေါင်းတည်ထား ပြည်ထောင်စုကြီးပါလားဆိုတဲ့ အတွေးအခေါ်ကို ဘေးချော်ပြီး လူမျိုးကြီးဝါဒ၊ ဘာသာအယူအဆထားကြရင် တိုင်းရင်းသားညီနောင်များကြား ရင်ကြားစေ့ ညီညွတ်ရေး မျှော်လေတိုင်း ဝေးနေမှာပါလားလို့ ပူပန်စိတ်ကို ဘယ်သူ့ ကိုမျှဝေလို့ ဘယ်သူ့အပုပ် ကျွန်တော်ချမိသလဲ။ ဓမ္မပလ္လင်ရှိရာ စင်မြင့်ထက်မှာ ဘုရားတရားတော်နဲ့ဆန့်ကျင် စတိတ်ရှိုးတွေ ထွင်ထည့်နေတဲ့ သာသနာဖျက်တွေ အကြောင်း မီးမောင်းထိုးပြဘူးလို့လား။
ဇဗ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ အတိတ်တဘောင်တွေ ဘယ်လိုရှိခဲ့တယ်ဆိုတဲ့စကားနဲ့ NLD အပေါ်ဇောင်းပေးကောင်းချီးများပေးခဲ့လို့လား။ နရသီဟပတေ့ (တရုတ်ပြေးမင်း) လက်ထက် ပုဂံပြည်ကြီး ပြိုကွဲပျက်စီးတော့မဲ့အချိန်"ခြင်္သေ့မင်းကြီး မျက်ထောင်နီပေါ က္ကံပြည်ကြီးပျက်လတ္တံ့" ဆိုတဲ့ တဘောင်ကြောင့် ဘုန်းတော်ကြီးက သူ့ ကျောင်းသားတွေကို ကျောင်းအဝင်က ခြင်္သေ့ရုပ် မျက်ထောင်နီမဲ့ အချိန်ကို အချိန်ပြည့် စောင့်ကြည့်ခိုင်းတာတွေ၊ အချိန်ကြာလာတဲ့ အခါ ကျောင်းသားတစ်ယောက်က စိတ်မရှည်နိုင်တော့လို့ ကွမ်းသွေးနဲ့ခြင်္သေ့မျက်လုံးကိုထွေးပြီး မျက်ထောင်နီလာပြီ ဖြစ်ကြောင်း ဘုန်းတော်ကြီးကို လျှောက်ထားတဲ့ အခါ ဘုန်းတော်ကြီးက အကြောင်းအကျိုး သိလိုက်ပေမဲ့ အချိန်ကျလို့ ကွမ်းသွေးထွေးရတဲ့ အကြောင်း၊ မကြာမီ ပုဂံပြည်ပျက်ခဲ့ရတာတွေ၊ သူ့အချိန်ကျလာရင်ဘာနဲ့မှ တားမရဘူးလို့ ကျွန်တော်ပြောခဲ့ပါသလား။
ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက် သီပေါဘုရင်လက်ထက်မှာ တိုင်းပြည်ပျက်ပြီး တစ်ပါးကျွန်ဖြစ်လိမ့် မယ်ဆိုတဲ့" တုံးအောက်က တီတွန် လူလွန်မသား၊ မုန့်ဆီကျော်အလယ်အက်၊ ပြည်ဖျက်မဲ့သား"ဆိုတဲ့ တဘောင်အတိုင်း မင်းတုန်းမင်းနောက်နန်းတက်လာတဲ့ ဘုန်းကြီးလူထွက် သီပေါဘုရင်လက်ထက်မှာ အင်္ဂလိပ်လက် ကျရောက်ခဲ့တာတွေ၊ အယူတော်မင်္ဂလာအမတ်ကြီး ဦးနိုးရဲ့..
"တစ်ပင်တိုင် ခဝါချပြီမို့၊
နာလှတဲ့ အသီးတွေ၊
တွန်လို့သာကြွေ၊
အသီးတွေရာသီပြောင်း၊
သာသနာမောင်းရှေ့ကဆော်၊
ဒေါင်းတွေကအော်၊
ဒေါင်းအော်လျှင်မနေသာ သူလာလိမ့်မယ်လေး၊
ခင်္သေ့မင်းက တန်ခိုးကြွယ်၊
တိုးလို့ကွယ် ဆိုးလိမ့်အုံး၊
ဂူအောင်းတဲ့ ခင်ကြီးပျော်တို့ရယ်၊
သမီးတော်လွှတ်လိုက်ပါအုံး၊
ဇာမဏီငှက်မ သူတွန်လျှင်
ဇဗ္ဗူတစ်ခွင်လင်းလို့မဆုံး" ဆိုတဲ့တဘောင်ဟာ ခုအချိန်နဲ့အကိုက်ညီဆုံးမို့ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည့်ခေါင်းဆောင်ဖြစ်လိမ့်မယ်လို့ နိမိတ်စကားကျွန်တော်ထည့်ပြောမိပါသလား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အခမ်းအနားမှာ ကျွန်တော့လွတ်လပ်ခွင့်နဲ့ ဟောပြောတာ၊
မဲဆွယ်စည်းရုံးရေးတွေမှာ လိုက်ပါဟောပြောမှုလုပ်ခဲ့လို့လား။ တိုင်းပြည်ကို ကယ်တင်ပေးနိုင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်လို့ ကျွန်တော့အမြင်ကို ဘယ်သူက မှုန်ဝါးစေချင်တာလဲ။
ဒီမိုကရေစီစနစ် ပီပီပြင်ပြင်ဖြစ်လာဖို့ ဒီမိုကရေစီအနှစ်သာရကို အသက်ပေးချစ်သူသာ အသေအချာဆောင်
ရွက်ပေးနိုင်မှာလို့ ပြောစကားဘာ အမှားပါခဲ့ပါသလဲ။ ကျွန်တော်တို့ ပြည်တွင်းမှာဖြစ်နေတဲ့ မငြိမ်းချမ်းခြင်းတွေကို ပြေပျောက်သွားအောင် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ချစ်ကြည်စွာနဲ့ ဥမကွဲ သိုက်မပျက်လက်ချင်းဆက် ရင်ကြားစေ့ရေး ဒေါ်အောင်ဆန်းစုကြည်သာ လုပ်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော့်အမြင် ဘာအတွက်အပြစ်မြင်ချင်ကြသလဲ။ပြည်နယ်ပြည်မတန်းတူ အခွင့်အရေး ရစေရမယ်လို့ ခေတ်အဆက်ဆက် မစားရဝခမန်းပြော၊ပျားရည်နဲ့ဝမ်းချနေတာတွေ တိုင်းရင်းသားတွေ လက်ခံဦးမယ်ထင်နေပါသလား။
ပင်လုံအခြေခံ ညီညွတ်ရေးတွေနဲ့၊ တန်းတူရည်တူ အုပ်ချုပ်ရေးတွေမရရင် သွေးစည်းညီညွတ်မှု မဏ္ဍိုင်ကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်သာစွမ်း ဆောင်နိုင်မယ်လို့ ကျွန်တော့ယုံကြည်ချက် ဘယ်သူ့ကို ဆွဲထည့်ခဲ့လို့လဲ။
ဆင်းရဲတွင်းနက်နေပြီဖြစ်တဲ့ ကျွန်တော်တို့တိုင်းပြည်၊ မနက်စာ စားရပေမဲ့ ညစာအတွက် ပူပန်နေရတဲ့ ကျွန်တော်တို့ ပြည်သူ့ဘဝ ဘယ်သူက လာကယ်မမှာလဲ။ တိုင်းပြည်ကို ဆင်းရဲနွံအတွင်းက ဘယ်သူက ဆွဲတင်ပေးနိုင်မှာလဲ။ ဒီလိုလုပ်ဆောင်ပေးနိုင်သူဟာ ပြည်သူက အားကိုးလေးစား၊ ကမ္ဘာက တန်ဖိုးထားသူသာ ဖြစ်သင့်တယ်ဆိုတဲ့ ကျွန်တော်အမြင် တိုင်းပြည်အတွက်ကြည်လင်ပြီးသားပါ။
ဒီအချိန်ဟာ အရင်းရှင်၊ကွန်မြူနစ်၊ဆိုရှယ်လစ်၊ဖက်ဆစ်၊နာဇီဝါဒယှဉ်ပြိုင်မှုတွေလုပ်နေချိန်မဟုတ်ပါဘူး။ အုပ်ချုပ်ရေးစနစ်အပြောင်းအလဲကာလ ယှဉ်ပြိုင်မှုမှာ အားလုံးဟာ အမျိုးသားနိုင်ငံရေး လုပ်နေကြတာမဟုတ်လား။ ဒါဆိုပါတီနိုင်ငံရေးဆိုတာ ဘာကို ဆိုလိုပါသလဲ ကျွန်တော် နားမလည်သေးလို့ပါ။ ကျွန်တော်တို့ ပညာရေးဝန်ထမ်းတွေ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ခပ်တုံးတုံးတွေ ဖြစ်နေမယ်၊ မျက်စိပိတ်၊ နားပိတ်နဲ့ ပါးစပ်ပါပိတ်နေမယ်ဆိုရင် ဒီဆရာတွေ မွေးထုတ်လိုက်မဲ့ အနာဂတ် ခေါင်းဆောင်လောင်းကျောင်းသားတွေဟာ သုံးစားမရသူတွေသာ ဖြစ်တော့မှာပေါ့။
ပညာရေးဌာနက ချပေးတဲ့ ပြဌာန်းစာအုပ် သင်ရိုးတွေသာသင်၊ အတန်းမှန်မှန်အောင်ဖို့သာ အားထုတ်ပေးရင် ဆရာဆိုတဲ့ ဓားသွေးကျောက်ဟာ ဓားတုံးတုံးကောက်ကောက်တွေသာ ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။ တိုင်းပြည်တိုးတက်ဖို့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာရေးမူတွေ ခိုင်ခိုင်မာမာ မရှိသေးတာတွေ၊ ခေတ်နဲ့အမီတွေးခေါ်နိုင်အောင် လက်ရှိကာလကို မီးမောင်းထိုးပြတဲ့ သင်ရိုးတွေကိုပြဌာန်းမှုမရှိဘဲ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် စာတွေ၊ ကဗျာတွေဟာ ကျောင်းသားတွေကို ရာဇဝင်ထဲမှာဘဲ တဝဲလည်လည်ဖြစ်နေစေတာ ပြင်ဆင်ပေးပါလို့ တောင်းဆိုခွင့် မရနိုင်တဲ့ ပညာရေး ကျွန်တော်တို့ ဘာပြောဖို့ လိုသေးလဲ။
စည်းနဲ့ဘောင်နဲ့ ကြားမနေဖူးသေးတဲ့ ကျွန်တော်တို့ရဲ့ ရင်သွေးတွေကို လူ့အခွင့်အရေး အလေးထားဖို့၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ ချစ်ကြည်မှု၊ မိမိတို့တစ်ဦးချင်းတာဝန်ယူမှု၊ တာဝန်ရှိမှုတွေကို ကျောင်းသား လူငယ်ထုကို ပြောပြဖို့တောင် ကျွန်တော်တို့က ဆွံ့အနေကြရမှာလား။ ဒါတွေပြောရင် နိုင်ငံရေး စကားပြောနေတယ်လို့ တစ်ထစ်ချ သတ်မှတ်မှာလား။ ဒါဆိုကျွန်တော်တို့ ဆရာတွေဟာ ပြည်သူ့လစာစားပြီး တာဝန်မကျေတဲ့ လူညာတွေဖြစ်မနေဘူးလား။
ဒါဟာ ကျွန်တော့်အတွေး၊ ကျွန်တော့်ခံယူချက်တွေပါဘဲ၊ လူသားတစ်ဦးဖြစ်နေတဲ့၊ ကျွန်တော်၊ လက်ရှိ ကျွန်တော့ရပ်တည်ချက် မှန်ကန်တယ်ထင်တဲ့ ဘက်မှာရဲရဲရပ်လိုက်တာ ကျွန်တော့် သမိုင်းပါ။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ အစိုးရ၊ တိုင်းပြည်နဲ့ပြည်သူကို အကောင်းဆုံးအကျိုးပြုတဲ့ အစိုးရမှန်မှန်ကန်ကန်ဖြစ်လာရင် အမှားထောက်ပြ၊ လိုအပ်လာရင်ကူညီပေး၊ ပြည်သူနဲ့အတူ အရေးဆိုပေးနေမယ်ဗျာ။
တိုင်းပြည်နဲ့ပြည်သူ့အနာဂတ် လင်းလက်ကြပါစေ...