တာချီလိတ်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရေးဆွဲခြင်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၂၆)ရက် နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် အကြီးအကဲများက လမ်း၊ တံတား၊ လျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေး၊ အားကစား နှင့် အထွေထွေ အကြောင်းအရာများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ " အောက်တိုဘာလ(၂၁)ရက်နေ့က ကျိုင်းတုံမြို့မှာ ကျင်းပခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်က အဓိက အချက်တွေကို မှာကြားခဲ့ပါတယ်၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ပြည်နယ်ရဲ့ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို နိုဝင်ဘာလအတွင်း အပြီးရေးဆွဲဆောင်ရွက်ရမှာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကို အလဟသ မဖြစ်စေဘဲ ထိရောက်စွာ သုံးစွဲကြရန်ဖြစ်တဲ့အပြင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် BE လုပ်ငန်းများ RE လုပ်ငန်းများကို ငွေကြေးဆိုင်ရာ ကိစ္စရပ်များအား ဒီဇင်ဘာလ မတိုင်မီ အပြီးဆောင်ရွက်ရန် နဲ့ လုပ်ငန်းများ အားလုံးကို ၂၀၁၆ခုနှစ်၊ မတ်လကုန်အပြီး ဆောင်ရွက်ကြရန်၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်က ရန်ပုံငွေ မရရှိသေးတဲ့ လုပ်ငန်းများရှိပါက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ စီမံကိန်းမှာ ပါဝင်အောင် ရေးဆွဲကြရာမှာဖြစ်တဲ့အပြင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို သတိထား ဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်.."ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ကနဦး ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ၎င်းက " ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များဟာ ဒုတိယ ကာလတိုဖြစ်တဲ့ (၅)နှစ်စီမံကိန်းရဲ့ အစဖြစ်ပြီး ပြည်သူတို့ရဲ့ အမှန်တကယ် လိုအပ်ချက်ဖြစ်စေရေး၊ နိုင်ငံတော် ဘဏ္ဍာငွေများကို အကျိုးရှိရှိ အသုံးချနိုင်ရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ( Sustainable Development ) ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများ၊ အသင်းအဖွဲ့များ နဲ့ ပြည်သူများ ပူးပေါင်းပါဝင်ပြီး ထိရောက် မှန်ကန်ကောင်းမွန်တဲ့ ဒေသန္တရစီမံကိန်းရည်မှန်းချက်များဖြစ်ရေးအတွက် ၀ိုင်းဝန်းကူညီ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန်လိုပါတယ်.."ဟု ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ အားလုံးကို အမှာစကား ပြောကြားသည်။
ယင်းနောက် "ရည်မှန်းထားတဲ့ စီမံကိန်း လုပ်ငန်းတွေကို အထည်ဖေါ်ဖို့ဆိုတာ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှ အဆင်ပြေမှာပါ၊ ဌာနချင်း ချိတ်ဆက်မှု မရှိရင် လုပ်ငန်း အကောင်အထည်ဖေါ်တဲ့ နေရာတွေမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အခုလို လာမယ့် ဘဏ္ဍာရေးနှစ်အတွက် အစည်းအဝေး ကျင်းပတာပါ.."ဟု တာချီလိတ်ခရိုင် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှူး ဦးမင်းသိမ်းမှ ပြောသည်။
ဆက်လက်၍ ၎င်းက "ရေတို ဘဏ္ဍာရေး (၅)နှစ်စာ စီမံကိန်းအနေနှင့် ကျပ်သန်းပေါင်း (၁၇,၅၇၆)သန်းဖြင့် တိုးတက်နှုန်း(၇.၁%)နှုန်းအထိ မျှော်မှန်းထားကြောင်း၊ ဒေသန္တရဖွံ့ဖြိုးရေးဖြစ်သည့် သောက်သုံးရေ၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ လမ်း၊ တံတား၊ ကျန်းမာရေး၊ ပညာရေးတို့တွင် ဖေါ်ဆောင်ရန်ဖြစ်ကြောင်း နှင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အတွက် ဒေသန္တရစီမံကိန်းများ"ကို အသေးစိတ်ရှင်းလင်း တင်ပြသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက လမ်းတံတားနှင့် ပတ်သက်၍ သွားလာရခက်ခဲသည့် ဒေသများ၊ လမ်းတံတားများ ဆောက်လုပ်ပေးနိုင်ရန် အခြေအနေများ၊ လက်ရှိတွင် လမ်းတံတား အဆင်မပြေသည့် ဒေသများတွင် ရွေးကောက်ပွဲ၌ အခြားရွာမှ မဲရုံရှိရာသို့ သွားလာရန် အတွက်ပင် ခက်ခဲနေသည့် အခြေအနေများရှိနေကြောင်း စသည့်ဖြင့် တင်ပြဆွေးနွေးသည်။
တဆက်တည်းမှာပင် မြို့တွင်း မီးလင်းရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းတံတားများ ဆောက်လုပ်ရေးနှင့် အထွေထွေ အကြောင်းရာများကို သက်ဆိုင်ရာတို့မှ တင်ပြရှင်းလင်းခဲ့ကြသည်။
တာချီလိတ်ခရိုင်၏ ပထမ ကာလတို (၅)နှစ်စီမံကိန်း (၂၀၁၁ - ၂၀၁၂ မှ ၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်အတွင်း ပြည်သူတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် လုပ်ငန်းပေါင်း (၆၃၄)ခုကို ကျပ်သန်းပေါင်း (၁၆,၂၃၂)သန်း၊ ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းပေါင်း (၆၇၁)ခုကို ကျပ်သန်းပေါင်း (၂၃,၀၂၁)သန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့် လုပ်ငန်းပေါင်း (၈၄)ခုကို ကျပ်သန်းပေါင်း (၅၂၀)၊ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းပေါင်း (၃၃၄)ခုကို ကျပ်သန်းပေါင်း (၈၀၀) စသည်ဖြင့် အသီးသီးအသုံးပြုကာ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်ကျေးရွာ (၅၈)ရွာကို ကျပ်သန်းပေါင်း (၁၇၄၀)သန်းဖြင့် မတည်ပေးခဲ့ပြီး၊ မွေးမြူရေးကဏ္ဍတိုးတက်ရေးအတွက်လည်း ကျေးရွာ (၂၆)ရွာတွင် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ်သိန်းပေါင်း (၈၀၀) နှင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း (၉၀၀)ကို ပြည်နယ်အစိုးရဘဏ္ဍာ ရန်ပုံငွေမှ လည်းကောင်း၊ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း (၉၀၀)ကို ပြည်ထောင်စု အစိုးရ ဘဏ္ဍာရန်ပုံငွေမှ လည်းကောင်း အသီးသီး ထုတ်ချေးပေးနိုင်ခဲ့ပြီး ပုဂ္ဂလိကချေးငွေ ကျပ်သိန်းပေါင်း (၂၀၀၀)ကို မွေး/ရေ ဘဏ်မှ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ သိရသည်။
ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့ ပါဝင်သည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကာ တာချီလိတ်ခရိုင်အတွက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။