တာချီလိတ်ခရိုင်အတွင်း အထူးရဲ (၁၆၅)ဦးအား သင်တန်း (၁၀)ရက် စတင်ပို့ချ

တာချီလိတ်ခရိုင်အတွင်း အထူးရဲ (၁၆၅)ဦးအား သင်တန်း (၁၀)ရက် စတင်ပို့ချ
အောက်တိုဘာ 20, 2015
By Tachileik News Agency

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ(Special Police)သင်တန်းဖွင့်ပွဲအား အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။

"အထူးရဲတွေ သိရှိလိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေအပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ မဲရုံမှူးနဲ့ မဲရုံ အဖွဲ့ဝင်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းနဲ့ ကြေညာစာတမ်းတွေနဲ့ သိမှတ်ဖွယ်ရာတွေကို သင်ကြားပေးသွားမှာပါ..."ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှမင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန် ထမ်းဆောင်နိုင်ခြင်းဖြင့် မိမိနိုင်ငံ၏ သမိုင်းဝင်မှတ်တမ်းတစ်ခုမှာ ပါဝင်သွားမှာဖြစ်ကြောင်း ၎င်းမှ ပြောကြားသွားသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မဲရုံများအတွက် အထူးရဲ(၅၈)ဦး၊ မိုင်းဖြတ်မြို့နယ်အတွက် (၄၂)ဦး၊ မိုင်းယောင်းမြို့နယ်အတွက် (၆၅)ဦးတို့အား တာချီလိတ်ခရိုင်အတွင်း စုစုပေါင်း အထူးရဲ (၁၆၅)ဦးအား ခန့်ထားပြီးစီးကြောင်းသိရသည်။

မဲရုံတစ်ရုံတွင် အထူးရဲ ''Special Police ''တစ်ဦးထားရှိမည်ဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် အထူးရဲ ဦးရေ စုစုပေါင်း (၄၀၃၀၄)ဦး ခန့်ထားပြီးစီးကြောင်း နှင့် မြန်မာတစ်နိုင်ငံလုံးတွင် အဆိုပါ အထူးရဲများကို အောက်တိုဘာလ(၃၀)ရက်နေ့အထိ စုစုပေါင်း (၁၀)ရက်တိတိ သင်တန်းပို့ချမှာဖြစ်ကြောင်း သိရသည်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်အတွင်း၌ နိုင်ငံရေးပါတီ (၈)ခုတို့မှ ကိုယ်စားလှယ်များက ၀င်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခံကြမည်ဖြစ်ရာ ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်၌ မဲရုံ(၅၈)ရုံ၊ မိုင်းဖြတ်မြို့နယ်၌ မဲရုံ(၄၂)ရုံနှင့် မိုင်းယောင်းမြို့နယ်၌
မဲရုံ(၆၅)ရုံရှိမည်ဖြစ်ရာ မဲရုံတစ်ရုံစီအတွက် လုံခြုံရေးအနေဖြင့် အရပ်သားများဖြင့် ခန့်အပ်ထားသည့် အထူးရဲများကို (၁)ဦးစီဖြင့် စုစုပေါင်း (၁၆၅)ဦးကိုလည်း ခန့်အပ်ထားရှိပြီးဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~