ရွေးကောက်ပွဲအတွက် အထူးရဲများ ခန့်ထားခြင်းနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်း

ရွေးကောက်ပွဲအတွက် အထူးရဲများ ခန့်ထားခြင်းနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်း
အောက်တိုဘာ 7, 2015
By Tachileik News Agency

၂၀၁၅ ရွေးကောက်ပွဲအတွက် ခန့်အပ်ထားသော အထူးရဲတပ်ဖွဲ့ဝင်များအား မဲရုံလုံခြုံရေးနှင့် ညှိနှိုင်းဆောင်ရွက်သူ အဖြစ်သာ အသုံးပြုမည်ဖြစ်ပြီး ဒေသတွင်း မှုခင်းကိစ္စရပ်များနှင့် မဲရုံပြင်ပ ပဋိပက္ခများပေါ်တွင် ထည့်သွင်း အသုံးပြုသွားမည် မဟုတ်ကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရွေးကောက်ပွဲအတွက် အထူးရဲတပ်ဖွဲ့ဝင်များ ခန့်အပ်ထားခြင်းနှင့် ပါတ်သက်၍ နိုင်ငံရေးပါတီများ၊ သတင်းစာဆရာများအား ဖိတ်ကြားကာ ယနေ့ အောက်တိုဘာလ (၇)ရက်နေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့သည်။

"ရပ်ကွက်အတွင်းက ဒေသခံတွေနဲ့ သင့်မြတ်တဲ့ ပါတီနိုင်ငံရေး ကင်းရှင်းသူနဲ့ သြဇာလွှမ်းမိုးနိုင်သူတွေကို အဓိကထားပြီး ခန့်ထားတာပါ၊ ဆန္ဒမဲပေးတဲ့အချိန်မှာ အရက်မူးလာသူလိုမျိုးလဲ ပါလာရင် ပါလာနိုင်တယ်၊ ဒါမျိုးကိစ္စရပ်တွေကို အလွယ်တကူဖြေရှင်းဖို့နဲ့ မဲရုံလုံခြုံရေးအတွက် အဓိကပါ.."ဟု တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးမှ ရှင်းလင်းပြောဆိုသည်။

အထူးရဲတပ်ဖွဲ့ဝင် အနေနှင့် မဲရုံအတွင်း ဖြစ်ပေါ်နိုင်သော အငြင်းအခုန် ကိစ္စရပ်များတွင် အဓိက ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ မဲရုံနှင့် ကိုက်(၅၀၀)အကွာတွင် တည်ရှိမည်ဖြစ်ပြီး မဲရုံတွင်း အခြေအနေအား အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် အထူးရဲတပ်ဖွဲ့ဝင်များအား ဆက်သွယ်ရေးစက်များ ပေးအပ်ထားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

တာချီလိတ်မြို့နယ်အတွင်း အထူးရဲ (၅၈)ဦးအား ခန့်အပ်ထားပြီးဖြစ်ကြောင်း ၎င်းတို့အတွင်းမှ ဗမာလူမျိုး
(၁၉)ဦး၊ ရှမ်းတိုင်းရင်းသား (၁၈)ဦး၊ ကချင်တိုင်းရင်းသား (၃)ဦး၊ လားဟူတိုင်းရင်းသား (၈)ဦး၊ ကရင်တိုင်းရင်းသား (၁)ဦး၊ အာခါတိုင်းရင်းသား (၉)ဦးတို့ဖြစ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ(၃၁)ဦးနှင့် ခရစ်ယာန်ဘာသာ(၂၇)ဦးတို့ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကျင်းပပြုလုပ်သော ရွေးကောက်ပွဲအတွင်း ခန့်အပ်ထားရှိမည့် အထူးရဲများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦး မှ ရှင်းလင်းပြောကြားရာ ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစာဆရာများအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် သတင်းမီဒီယာများ၊ တာချီလိတ်မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များ နှင့် အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့မှ ပြန်လည်၍ ရှင်းလင်းပြောကြားသည်။

အထူးရဲများ ခန့်ထားရာတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ထောက်ခံပေးသော အမည်စာရင်းများကို ပြည်နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်ဖြင့် ရဲချုပ်ထံသို့ တင်ပြပြီးမှ ခန့်အပ်တာဖြစ်ပြီး၊ လစာအား တစ်လ(၁၂၀,၀၀၀)ကျပ်နှင့် ထောက်ပံ့ကြေးအဖြစ် တစ်ရက်လျှင် (၁,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း တစ်လစာအတွက် (၁၅၀,၀၀၀)ရရှိမှာဖြစ်ကြောင်း သိရပြီး အထူးရဲများကို သင်တန်းအဖြစ် အောက်တိုဘာလ (၂၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၁၀)ရက်တိတိ ပို့ချပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~