၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ(၈)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကျင်းပပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့နယ် အတွင်း၌လည်း ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲ အတွက် တစ်စုံတစ်ရာ လွဲချော်မှု မဖြစ်စေရန် လုံခြုံရေးအတွက် အထူးဆွေးနွေးမှု တစ်ရပ် အနေဖြင့် ယနေ့ အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်ပယ်အသီးသီးမှ (၁၂၅)ဦး တက်ရောက်သည်။
ထိုသို့ ဆွေးနွေးရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်မှ ရွေးကောက်ပွဲ နှင့် ပတ်သက်၍သော် လည်းကောင်း၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးမှ လုံခြုံရေးနှင့် ပတ်သက်၍သော် လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းမှ ကော်မရှင်နှင့် ပတ်သက်၍သော် လည်းကောင်း အသီးသီး ရှင်းလင်းပြောဆိုကြသည်။
လုံခြုံရေးနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးမှ မဲရုံလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အနေဖြင့် အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း၊ ဗဟိုစည်း စသည်ဖြင့် သတ်မှတ်ထားရှိကြောင်းနှင့် အတွင်းစည်းတွင် ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ ပြည်သူ့စစ်၊ ရပ်/ကျေးအုပ်ချုပ်ရေးကိုယ်စားလှယ် စသည်တို့ စုပေါင်း ပါဝင်သည့် (၉)ဦး၊ အဝေးစည်းတွင် (၁၂)ဦး၊ ဗဟိုစည်းတွင် (၆)ဦး ထားရှိမှာဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်း ခန့်အပ်ထားရှိသည့် အထူးရဲ(၅၈)ဦးကို မဲရုံအတွင်း၌ မဲရုံတစ်ရုံလျှင် (၁)ဦးနှုန်းဖြင့် ထားရှိမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၎င်းမှ "ရွေးကောက်ပွဲဆိုင်ရာ ပြစ်ဒဏ်များနှင့် ပတ်သက်၍ ဆန္ဒမဲပေးမည့် ပုဂ္ဂိုလ်တစ်ဦးအား မဲပေးခွင့် ပိတ်ပင်ခြင်း၊ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း ၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေး၊ လာဘ်ယူခြင်း နှင့် မလျော်သြဇာသုံးခြင်း၊ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို ဖျက်ဆီးခြင်း၊ ဖတ်မရအောင် ပြုလုပ်ခြင်း၊ ကြိုတင်မဲလက်မှတ်အား အခြားသူကို ပေးခြင်း၊ မဲပုံးအတွင်း အခြားပစ္စည်း တစ်ခုခုထည့်ခြင်း၊ ရွေးကောက်ပွဲ ပျက်ပြားစေရန် စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း စသည်တို့ အပြင် မဲရုံနှင့် ကိုက်(၅၀၀)အတွင်း၌ ဥပဒေနှင့် မညီသော ပြုလုပ်မှုများနှင့် ပတ်သက်၍ ကျူးလွန်ပါက ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ - ၅၇၊ ပုဒ်မ - ၅၈၊ ပုဒ်မ - ၅၉၊ ပုဒ်မ - ၆၀၊ ပုဒ်မ - ၆၁၊ ပုဒ်မ - ၆၂၊ ပုဒ်မ - ၆၃၊ ပုဒ်မ - ၆၄၊ ပုဒ်မ - ၆၅ တို့ဖြင့် အရေးယူမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူများသည် ထောင်ဒဏ် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် နှင့် ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း" ရှင်းလင်း ပြောကြားသည်။
ရှင်းလင်းပြောကြားမှုများအပြီးတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများမှ ဆွေးနွေးအကြံပြုကြရာ အဓိကအားဖြင့် မဲရုံလုံခြုံရေး၊ မဲပေးနိုင်ရေးနှင့် မဲရုံနှင့် ကိုက်(၅၀၀)အတွင်း ပါတီ အမှတ်တံဆိပ်များပါရှိသည့် အ၀တ်အစား၊ အသုံးအဆောင်များကို မဲပေးသူများမှ ၀တ်ဆင်နိုင်ခွင့် ရှိမရှိ အပြင် မီဒီယာကဏ္ဍကိုလည်း ထည့်သွင်းဆွေးနွေးကြရာ သက်ဆိုင်ရာများမှ ပြန်လည်ဖြေကြားသည်။
တာချီလိတ်မြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲရုံ(၅၈)ရုံ ထားရှိပြီး မဲဆန္ဒရှင်များမှာ ကျား(၄၁,၀၉၈) ဦး နှင့် မ (၄၃,၇၆၁)ဦး စုစုပေါင်း (၈၄,၈၅၉)ဦး ရှိကြောင်းနှင့် တာချီလိတ်မြို့နယ်အတွင်း၌ ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၅)ဦး စုစုပေါင်း (၂၈)ဦး ပါဝင်ကြောင်း သိရသည်။