အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်း (၁၀)နာရီ ၀န်းကျင်တွင် တာချီလိတ်လေဆိပ်သို့ ရောက်ရှိမှာဖြစ်ပြီး ညနေ (၃)နာရီအချိန်တွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင်ဖြစ်သည့် ကွင်းအတွင်း၌ ရွေးကောက်ပွဲအောင်နိုင်ရေး လူထုဟောပြောပွဲကို ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် တာချီလိတ်၌ ဟောပြောပြီးနောက် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်(၇)နာရီ အချိန်တွင် တာချီလိတ်မှ တဆင့် မိုင်းဖြတ်သို့ သွားရောက်မှာ ဖြစ်ပြီး၊ နံနက်(၈း၃၀)နာရီချိန်တွင် မိုင်းဖြတ်မြို့ရှိ လေယာဉ်ကွင်းဟောင်း၌ လူထုဟောပြောပွဲပြုလုပ်မှာ ဖြစ်ကြောင်းလည်း သိရသည်။
တာချီလိတ်တွင် ကြိုဆိုရေးနှင့် ပတ်သက်၍"အောက်တိုဘာလ(၂၁)ရက်နေ့ နံနက် (၇)နာရီကျော်မှာ ကျွန်တော်တို့ အမေစုကို သွားရောက်ကြိုဆိုဖို့အတွက် ရှမ်းရိုးမကွင်းထဲမှာ စုကြမှာပါ၊ အဲ့ဒီကနေ တဆင့် အားလုံး စုပေါင်းပြီး လေဆိပ်မှာ သွားကြိုကြမှာပါ"ဟု NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်တင့်က ပြောသည်။
ဆက်လက်၍ မိုင်းဖြတ်မှ တဆင့် ကျိုင်းတုံသို့ ဆက်လက် ထွက်ခွာမှာဖြစ်ပြီး နေ့လည် (၁)နာရီအချိန်တွင် ကျိုင်းတုံမြို့ရှိ မြို့မိမြို့ဖများနှင့် တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံမှာဖြစ်ကြောင်းနှင့် နေ့လည်(၂)နာရီအချိန်တွင် ကျိုင်းတုံမြို့ရှိ ရွှေညောင်ပင်စားသောက်ဆိုင်အနီးရှိ မင်္ဂလာဖားစည် အောင်မြေကွင်း အတွင်း၌ လူထုဟောပြောပွဲကို ပြုလုပ်မှာဖြစ်ကြောင်းအပြင် ဟောပြောပွဲပြီးပါက ညနေ (၄)နာရီဝန်းကျင်တွင် ကျိုင်းတုံလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာမှာဖြစ်ကြောင်း တာချီလိတ် NLD မှ သိရသည်။