စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ အခမ်းအနားကို အောက်တိုဘာလ၏ ပထမရက်က တာချီလိတ် သတ္တုလုပ်ငန်းရှင်များ အသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက "၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်နှင့်သွင်းကုန် ကုန်သွယ်မှု ပမာဏသည် စက်တင်ဘာလတွင် ပို့ကုန် အမေရိကန်ဒေါ်လာ (၁.၃၄၁)သန်း၊ သွင်းကုန် ဒေါ်လာ(၃.၅၀)သန်း၊ ကုန်သွယ်မှု ပမာဏ ဒေါ်လာ(၄.၈၄၁)သန်း ရရှိခဲ့ကြောင်း၊ ယခုလ၏ ကုန်သွယ်မှုလျာထားချက်သည် ပို့ကုန် ဒေါ်လာ(၂. ၉၅၅)သန်း၊ သွင်းကုန် ဒေါ်လာ (၆. ၉၈၈)သန်း၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ(၉.၉၈၃)သန်းလျာထားခဲ့သည့် အတွက် ယခုလ၏ ဆောင်ရွက်မှုသည် လျာထားချက်အပေါ် (၄၈.၄၉) ရာခိုင်နှုန်းသာ ဆောင်ရွက် နိုင်ခဲ့ကြောင်း" ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ "တာချီလိတ်စခန်း၏ ကုန်သွယ်မှုကို Review လုပ်ကြည်လျှင် ဧပြီလမှ သြဂုတ်လများအထိ ၆၀%ကျော်သာ ဆောင်ရွက်နိုင်ခဲ့သော်လည်း စက်တင်ဘာတွင် ၅၀% ပင်မပြည့်မီကြောင်း၊ ထိုကဲ့သို့ ကျဆင်းခြင်းသည် အခက်အခဲများရှိနေကြောင်း၊ မိမိဌာန၏ ကုန်သွယ်မှု မူဝါဒဆိုင်ရာ ညွှန်ကြားချက်များကို အသိပေးချပြပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်းတွင် ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံသို့ မိုင်းလားလမ်းကြောင်းဖြစ်သည့် ကျိုင်းတုံ၊ ကျိုင်းလပ်၊ တာချီလိတ်ဒေသတွေမှာ ကုန်သွယ်မှု လုပ်ငန်းတွေ ဆောင်ရွက်သည့်အခါ တွေ့ကြုံရမည့် အခက်အခဲ တွေကို Rule & Regulation များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသွားကြရန် ကုန်သွယ်မှုပမာဏ တိုးတက် မြင့်တက်လာစေရေး အတွက် ဆောင်ရွက်သင့်သည့် အစီအမံများကို တက်ရောက်လာသော One Stop Services(OSS) အဖွဲ့ဝင် ဌာနများဖြစ်သည့် အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA)တို့မှ တာဝန်ခံများ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးကြရန်" ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကုန်သွယ်လုပ်ငန်းရှင်များမှ ကုန်သွယ်မှု လုပ်ငန်းများမှ ITC သက်တမ်းကိစ္စ၊ တစ်ပတ်အတွင်းသာ သတ်မှတ် ဖြတ်သန်းခွင့်ပြုထားသည့် ID အဟောင်းများစုပုံပြီး ငွေသွင်းထားသည့် အခွန်အတွက် ဆုံးရှုံးနစ်နာမှုရှိသည့် ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် လုပ်ငန်းပိုင်း ဆိုင်ရာ အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးမှ ဆန်တင်ပို့မှုနှင့် ပတ်သက်၍ သြဂုတ်လအတွင်းက ပြည်ပဆန်တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းခဲ့သော်လည်း ယခုအခါ ဆန်စပါး ကဏ္ဍဆိုင်ရာ လေ့လာစီင်္စစ်ချက်အရ ပြည်တွင်းလက်ကျန် အခြေအနေသည် စားသုံးမှုလုံလောက်မှုရှိပြီးဖြစ်သည့်အပြင် မကြာမီ စပါးအသစ်ထွက်ရှိမည်ဖြစ်၍ စိုက်ပျိုး
ထုတ်လုပ်သူများ အကျိုးဖြစ်ထွန်းစေရန်နှင့် ပြည်ပဈေးကွက် ပျောက်ဆုံးသွားနိုင်ခြင်း မရှိစေရန် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှစ၍ ယခင်တင်ပို့နေသည့် လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်
ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် နယ်စပ်မှတင်ပို့ရာတွင် ဆန်လိုင်စင်တစ်စောင် တန် ၅၀၀ ခွင့်ပြုခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ ယခင်ကဲ့သို့ ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ။ မြင့်မိုရ်(တာချီလိတ်)