တာချီလိတ်မြို့ မယ်ယန်း ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Mobile Team မှ အာရှ၏ အကြီးမားဆုံး သားရဲ တိရိစ္ဆာန် ဈေးကွက်ဖြစ်သည့် မိုင်းလားမြို့သို့ တင်ပို့မည့် ကြက်တူရွေးလိပ်နှင့် သင်းခွေချပ်များအား အောက်တိုဘာလ (၁၆)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိကြောင်း သိရသည်။
မိုင်းလားမြို့ရှိ သားရဲ တိရိစ္ဆာန်ဈေးကွက်မှာ အာရှတိုက်၏ အကြီးမားဆုံး တိရိစ္ဆာန်ဈေးကွက်ဖြစ်ပြီး ၎င်းတို့ တင်ပို့မည့် တိရိစ္ဆာန်များမှာ မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင်နှင့် ရွှေတြိဂံဒေသရှိ လာအိုနှင့်မြန်မာနိုင်ငံပိုင် တောနက် အတွင်းမှ တိရိစ္ဆာန်များ ဖြစ်နိုင်ကြောင်း၊ မိုင်းလားသို့ တင်ပို့မှုမှာ မည်မျှကြာမြင့်နိုင်ပြီဟု မပြောနိုင်ကြောင်း ၎င်းမှ ပြောသည်။
အောက်တိုဘာလ (၁၆)ရက်နေ့ ညနေပိုင်းတွင် (ToYoTa Dyna)ဒိုင်နာ အမျိုးအစားယာဉ်ဖြင့် အချိုမျိုးစုံ၊ စားဆီ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်မျိုးစုံတို့၏ အောက်တွင် ထည့်သွင်းသယ်ဆောင်လာသော ယာဉ်အား ဖမ်းဆီးစစ်ဆေးရာ ကြက်တူရွေးလိပ် (၁၈၈)ကောင်နှင့် သင်းခွေချပ်(၃)ကောင်အား တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော တောရဲတိရိစ္ဆာန်များအား သစ်တောဦးစီးဌာနသို့လွှဲပြောင်းပြီး တာချီလိတ်မြို့မရဲစခန်းတွင် သစ်တောထွက် ဥပဒေအရ ယာဉ်အားမောင်းနှင်လာသူ စိုင်းဟောင်ခမ်းအား အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။