ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ ကျိုင်းလပ်မြို့နယ် အတွင်းရှိ ရေဘေးသင့် ကျေးရွာများသို့ ပြန်လည် ထူထောင်ရန်နှင့် တာချီလိတ်မြို့ ဒေသခံ စေတနာရှင်များ လှူဒါန်းထားသော ကျောင်းစာသင်ခုံနှင့် ဘိလပ်မြေအိတ်များ အပြင် သောက်ရေသန့်ဗူးများကို ယနေ့ အောက်တိုဘာ(၂၀)ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
"မြို့ထဲက အလှူရှင်တွေ လှူထားတဲ့ ထောက်ပံ့ပစ္စည်းတွေကို ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ လမ်းညွှန်မှုနဲ့အတူ ကျွန်တော်တို့ လူငယ်တွေ လုပ်အားဒါန ပြုပြီးသွားပို့ပေးတာပါ၊ ကျောင်းတွေမှာ ပျက်စီးသွားတဲ့ အိမ်သာတွေလဲ ကျွန်တော်တို့ စုပေါင်းပြီး ဆောက်လုပ်ပေးထားပါတယ်.."ဟု ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့ဆောင်သည့် အဖွဲ့ခေါင်းဆောင် ကိုဇေယျာအောင်မှ ပြောသည်။
"ရေဘေးသင့် ကျေးရွာတွေကို အဆင့်(၃)ဆင့် ခွဲထားတယ်၊ အိမ်ပျက်သွားတဲ့ ထိခိုက်မှုမျိုးဆိုရင် ပြန်လည်ထူထောင်ရေးအတွက် ဘိလပ်မြေအိတ်တို့ဘာတို့ပေးတယ်၊ စားသောက်ကုန်တွေတော့ ကျေးရွာသားတွေ လက်ထဲ တစ်ခါတည်း ဝေပေးလိုက်တာ.."ဟု ခရိုင်ထွေ/အုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ကျိုင်းလပ်မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး အတွက် တာချီလိတ်ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များအပြင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့လှူဒါန်းမှုမှာ စုစုပေါင်း ကျပ်သိန်းပေါင်း (၃၆၀၀)ခန့် ရှိပြီဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
၂၀၁၅ သြဂုတ်လ(၄)ရက်နေ့တွင် ကျိုင်းလပ်မြို့နယ်အတွင်း ရေကြီးရေလျှံခဲ့သောကြောင့် ကျေးရွာများရှိ နေအိမ်များ ပျက်စီးခဲ့ပြီး လမ်းများပြတ်တောက်သွားခဲ့ကြောင်း သိရသည်။