ကျပ်သန်းပေါင်း (၁၆,၈၇၃)သန်းဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကမှ လုပ်ကိုင်သည့် သဘာဝ အရင်းအမြစ်ဖြင့် တာချီလိတ်မြို့ မြို့ပြရေပေးဝေရေးလုပ်ငန်း စီမံကိန်း EIA/SIA လူထုရှင်းလင်းပွဲအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ (၈)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့ ဒီစီမံကိန်းကို ၂၀၁၃ ခုနှစ်ကတည်းက ဆန်းစစ်ပြီး လုပ်တာပါ၊ စီမံကိန်းက တာချီလိတ်မြို့နဲ့
(၇)မိုင် အကွာမှာ ရှိပြီး တာချီလိတ်နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ခြားထားတဲ့ မယ်ဆိုင်နွဲ့ချောင်းပေါ်မှာ ဆောက်တာပါ၊ သဘာဝ ဖိအားသုံးစနစ်ဆိုတော့ ပတ်ဝန်းကျင်အတွက် အများကြီးကောင်းပါတယ်.."ဟု စီမံကိန်း အကြံပေး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုကော်မတီဝင် ဦးခင်မောင်ဌေးမှ ရှင်းလင်းပြောကြားသည်။
စီမံကိန်းမှာ သဘာဝဖိအားသုံး အလိုအလျောက် စီးဆင်းစေသောစနစ် (Gravity Flow System and District Metered Area System)ဖြင့် ပေးဝေသော စနစ်ဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေးရာဆိုင်ရာ ထိခိုက်မှု အနည်းဆုံး ဖြစ်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့အား ဖြန့်ဝေမည့်ရေမှာ WHO Standard ဖြင့် ကိုက်ညီသော သောက်သုံးရေဖြစ်ကြောင်းနှင့် စီမံကိန်းကာလမှာ ၂၀.၂.၂၀၁၃ခုနှစ်မှ ၁၉.၂.၂၀၁၇ခုနှစ်အထိ (၄)နှစ် သတ်မှတ်ထားကြောင်းနှင့် သတ်မှတ်ကာလအတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်းအပြင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ဟိန်းလင်းစံ သတ္တုတူးဖေါ်ရေးကုမ္ပဏီလီမိတက်တို့မှ (B.O.T)စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"စီမံကိန်းတိုင်းမှာ ဆိုးကျိုးနဲ့ ကောင်းကျိုးတော့ရှိတယ် ဒီစီမံကိန်းမှာ ရေကာတာ တည်ဆောက်တာဆိုတော့ ဒေသခံတွေ အနေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုပျက်သွားရင် မြို့ထိခိုက်နိုင်မလားပေါ့ အမှန်က မဖြစ်ပါဘူး ရေကာတာဟာလဲ မပြောပလောက်တဲ့ အမြင့်မှာရှိတာပါ.."ဟု EIA/SIA ဆန်းစစ်ချက်အား တာဝန်ယူဆန်းစစ်သော GMES ကုမ္ပဏီလီမိတက်မှ ဥက္ကဌ ဦးစိန်သောင်းဦးက ရှင်းလင်းပြောကြားသည်။
လူမှုစီးပွား အကျိုးသက်ရောက်မှု အနေနှင့် (၂၁)ချက်ရှိကြောင်း ကောင်းကျိုးမှာ (၉)ချက်၊ ဆိုးကျိုးမှာ(၁၂)ချက်ရှိကြောင်း စီမံကိန်းကာလအတွင်း နိုင်ငံတကာ စံနှုန်းအတိုင်း စံချိန်မှီဆောင်ရွက်သွားလျှင် ဆိုးကျိုးသက်ရောက်မှုများ လျှော့ပါးသွားနိုင်ကြောင်း ၎င်းထံမှသိရသည်။
တာချီလိတ်မြို့ပြ ဧရိယာအတွင်း ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ဌာနဆိုင်ရာ ၀န်ထမ်းအိမ်ရာ၊ တပ်ရင်းတပ်ဖွဲ့ပါ အိမ်ခြေ(၁၂,၀၀၀)ခန့်၊ အိမ်ထောင်စု (၁၅,၀၀၀)စုခန့် နှင့် မြို့နေ လူဦးရေ (၆၀,၀၀၀)၀န်းကျင်နှင့် ၀င်ထွက်သွားလာ လည်ပတ်မည့် လူဦးရေ (၁၅၀၀၀)ခန့် စုစုပေါင်း လူဦးရေ (၇၅,၀၀၀)အတွက် လျာထားသော်လည်း လူဦးရေ (၁)သိန်းခန့်အတွက် ဖြန့်ဖြူးပေးဝေနိုင်ရေးအတွက် ဒီဇိုင်း ရေးဆွဲထားကြောင်းနှင့် နောက်အနှစ် (၂၀)ကာလ၌ တိုးပွားလာမည့် လူဦးရေနှင့် ရေလိုအပ်ချက်ပေါ် မူတည်ပြီး ရေလုံလောက်စွာ ရရှိရေးအတွက် စီမံကိန်း ဒီဇိုင်းကိုလည်း ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် စသည်ဖြင့် ဒီဇိုင်းများ ကြိုတင်တွက်ချက်လျာထားပြီးဖြစ်ကြောင်းလည်း သိရသည်။