တာချီလိတ်ခရိုင်အတွင်း အထူးရဲ (၁၆၅)ဦး ခန့်အပ်ထားခြင်းနှင့် ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှူးမှ သတင်းစာရှင်းလင်း

တာချီလိတ်ခရိုင်အတွင်း အထူးရဲ (၁၆၅)ဦး ခန့်အပ်ထားခြင်းနှင့် ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှူးမှ သတင်းစာရှင်းလင်း
အောက်တိုဘာ 7, 2015
By Tachileik News Agency
၂၀၁၅ ရွေးကောက်ပွဲအတွက် ခန့်အပ်ထားသော အထူးရဲတပ်ဖွဲ့ဝင်များအား မဲရုံလုံခြုံရေးနှင့် ညှိနှိုင်း ဆောင်ရွက်သူ အဖြစ်သာ အသုံးပြုမည်ဖြစ်ပြီး ဒေသတွင်း မှုခင်းနှိမ်နင်းရေးနှင့် မဲရုံပြင်ပ ပဋိပက္ခများ ပေါ်တွင် ထည့်သွင်း အသုံးပြုသွားမည် မဟုတ်ကြောင်း တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှမင်းက ယနေ့ အောက်တိုဘာလ (၇)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်သော အထူးရဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
"၁၉၄၅ ခုနှစ် ရဲအက်ဥပဒေပုဒ်မ-၂၇ အရ ရဲအုပ်အောက်အဆင့်မနိမ့်သူက ရပ်ရွာတည်ငြိမ်ရေး လိုအပ်ချက်အရ အနီးဆုံး ရာဇ၀တ်တရားသူကြီးကို တင်ပြပြီး အထူးရဲအဖြစ် ခန့်ထားလို့ရတယ်။ အထူးရဲတွေကို ဥပေဒအရ မှုခင်းနှိမ်နင်းရေးမှာ အသုံးပြုလို့ရပေမယ့် ကျွန်တော်တို့ မသုံးပါဘူး၊ သူတို့ကို ရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးနဲ့ ညှိနှိုင်းဆောင်ရွက်သူအဖြစ်ဘဲ သုံးမှာပါ"ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်းမှပြောသည်။
အထူးရဲတပ်ဖွဲ့ဝင် အနေနှင့် မဲရုံအတွင်း ဖြစ်ပေါ်နိုင်သော အငြင်းအခုန် ကိစ္စရပ်များတွင် အဓိကညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ မဲရုံနှင့် ကိုက်(၅၀၀)အကွာတွင် တည်ရှိမည်ဖြစ်ပြီး မဲရုံတွင်း အခြေအနေအား အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် အထူးရဲတပ်ဖွဲ့ဝင်များအား ဆက်သွယ်ရေးစက်များပေးအပ်ထားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် တာချီလိတ်မြို့တို့အတွက် မဲရုံပေါင်း
(၁၆၅)ရုံ ရှိပြီး အထူးရဲ (၁၅၆)ဦးအား ခန့်အပ်ထားပြီးဖြစ်ကြောင်း၊ ၎င်းတို့အတွင်းမှ ဗမာလူမျိုး(၆၆)ဦး၊ ရှမ်းတိုင်းရင်းသား(၅၄)ဦး၊ ကချင်တိုင်းရင်းသား(၂)ဦး၊ လားဟူတိုင်းရင်းသား(၁၁)ဦး၊ ကရင်တိုင်းရင်းသား
(၂) ဦး၊ အာခါတိုင်းရင်းသား (၂၈)ဦး၊ ရ၀မ်(၁)ဦး၊ လွယ်(၁)ဦးတို့ဖြစ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ (၁၁၆)ဦးနှင့် ခရစ်ယာန်ဘာသာ(၄၈)ဦးတို့ ပါဝင်ကြောင်း သိရသည်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်အတွင်း၌ နိုင်ငံရေးပါတီ (၈)ခုတို့မှ ကိုယ်စားလှယ်များက ၀င်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံကြမည်ဖြစ်ရာ ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်၌ မဲရုံ(၅၈)ရုံ၊ မိုင်းဖြတ်မြို့နယ်၌ မဲရုံ(၄၂)ရုံနှင့် မိုင်းယောင်းမြို့နယ်၌
မဲရုံ(၆၅)ရုံရှိမည်ဖြစ်ရာ မဲရုံတစ်ရုံစီအတွက် လုံခြုံရေးအနေဖြင့် အရပ်သားများဖြင့် ခန့်အပ်ထားသည့် အထူးရဲများကို (၁)ဦးစီဖြင့် စုစုပေါင်း (၁၆၅)ဦးကိုလည်း ခန့်အပ်ထားရှိပြီးဖြစ်သည်။

ထိုသို့ ခန့်အပ်ထားရာတွင် အထူးရဲတပ်ဖွဲ့ဝင်များတွင် အသက်(၁၈)နှစ်မှ အသက်(၃၀)အထိ (၉၁)ဦး၊ အသက်(၃၀)မှ အသက်(၄၀)နှစ်အထိ (၃၇)ဦး၊ အသက်(၄၀)မှ အသက်(၅၀)နှစ်အထိ (၂၉)ဦး နှင့် အသက်(၅၀)မှ အသက်(၆၀)နှစ်အထိ (၈)ဦး စသည်ဖြင့် အသက်အပိုင်းအခြားအလိုက်ပါဝင်ရာ အထူးရဲအဖြစ် ခန့်အပ်ထားသူများတွင် အရပ်သား(၁၃၈)ဦး နှင့် အရန်မီးသတ်တပ်ဖွဲ့မှ (၂၇)ဦး စသည်ဖြင့် ပါဝင်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရွေးကောက်ပွဲကာလအတွင်း ခန့်အပ်ထားရှိသည့် အထူးရဲများအတွက် လစာငွေအနေဖြင့် တစ်လလျှင် ကျပ်(၁၂၀,၀၀၀) နှင့် ထောက်ပံ့ငွေ အဖြစ် တစ်ရက် ကျပ်(၁,၀၀၀)နှုန်းဖြင့် (၃၀,၀၀၀)ကျပ်အပါ စုစုပေါင်း ကျပ်(၁၅၀,၀၀၀)နှင့်အတူ ကိုယ်ပိုင် မော်တော်ကား နှင့် ဆိုင်ကယ်တို့ဖြင့် သွားရေးလာရေးအတွက် တစ်ဦးလျှင် စက်သုံးဆီအဖြစ် (၁)ဂါလံစီ ရရှိမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ကျင်းပပြုလုပ်သော ရွေးကောက်ပွဲအတွင်း ခန့်အပ်ထားရှိမည့် အထူးရဲများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှမင်း မှ ရှင်းလင်းပြောကြားရာ တာချီလိတ်ခရိုင် ပြန်/ဆက် ဦးစီးအရာရှိ ဦးလှဌေး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစာဆရာများအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် သတင်းမီဒီယာများမှ တက်ရောက်ပြီး သိလိုသည်များကို မေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~