နိုင်ငံရဲ့ တကယ့် သယံဇာတ အရင်းအမှန်က ပြည်သူလူထုဖြစ်ကြောင်းကို မသိခြင်းအတွက် မြန်မာနိုင်ငံ ဆင်းရဲနေရခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ တာချီလိတ် လူထုဟောပြောပွဲတွင် ပြောကြားခဲ့သည်။
"နိုင်ငံ တစ်နိုင်ငံမှာ သဘာဝ သယံဇာတပစ္စည်းတွေ ပေါများနေရဲ့သားနဲ့ နိုင်ငံက ဆင်းရဲနေတယ်ဆိုတဲ့ အကြောင်းအရင်းက ဘာလဲ ဆိုတော့ နိုင်ငံတော်ရဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေဟာ ပြည်သူ လူထုဘဲဖြစ်တယ်ဆိုတာကို မသိလို့ဖြစ်ပါတယ်၊ ပြည်သူတွေကို တန်ဖိုးမထားတဲ့နိုင်ငံဟာ ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး"ဟု NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ တာချီလိတ် လူထုဟောပြောပွဲတွင် ပြောကြားသွားခဲ့သည်။
စင်္ကာပူနိုင်ငံသည် သဘာဝသယံဇာတများ ထွက်ရှိခြင်း မရှိသော်လည်း လူ့စွမ်းအားအရင်းအမြစ်အား ၀န်ကြီးချုပ် လီကွမ်ယု၏ ခေါင်းဆောင်မှုဖြင့် အာရှထိပ်သီးနိုင်ငံဖြစ်နေသည်မှာ မျက်မြင်ဖြစ်ကြောင်း ၎င်းမှ ထောက်ပြ ပြောဆိုခဲ့သည်။
ယခင်က စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုမှာ ယခင်က မြန်မာနိုင်ငံလိုဖြစ်ရန် အနှစ်(၂၀)ခန့် ကြိုးစားရမည်ဟူ၍ ပြောကြားခဲ့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံသည် စင်္ကာပူကဲ့သို့ဖြစ်ရန် (၂)ဆ ကြိုးစားသော်လည်း အနှစ်(၂၀)ဖြင့် မဖြစ်နိုင်သေးကြောင်း ပြောကြားသွားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အောက်တိုဘာ(၂၁)ရက်နေ့တွင် Air KBZ ဖြင့် တာချီလိတ်မြို့သို့ နံနက်ပိုင်းက ရောက်ရှိလာပြီး ညနေပိုင်းတွင် ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းတွင်း၌ လူထုဟောပြောပွဲကျင်းပခဲ့ပြီး အောက်တိုဘာ(၂၂)ရက်နေ့တွင် တာချီလိတ်မှ မိုင်းဖြတ်မြို့သို့ ထွက်ခွါကာ လူထုဟောပြောပွဲဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။