တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်(ကျောက်တောင်)ရှိ မြို့မသုဿန်အတွင်း စည်ပင်သာယာရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် စုပေါင်းအဖွဲ့မှ ယနေ့ အောက်တိုဘာလ (၂၄)ရက် နံနက်(၇)နာရီ အချိန်က ခြုံနွယ်သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။
တာချီလိတ်မြို့မသုဿန်၏ ဧရိယာအကျယ်အ၀န်းသည် (၄.၃၇၃)ဧကရှိပြီး သုဿန်အတွင်း ခြုံနွယ်သစ်ပင်များ ထူထပ်နေသည့် နေရာများ၌ စုပေါင်းကာ ခုတ်ထွင်ရှင်းလင်းခြင်းဖြစ်ပြီး၊ အုတ်ဂူများကို ဖုံးလွှမ်းနေသည့် နွယ်မြက်သစ်ပင်များကိုလည်း ဖယ်ရှားစေခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင် နှင့် စည်ပင်သာယာရေးဌာနမှ ၀န်ထမ်းများ၊ ရွှေတာချီခရီးသွားလုပ်ငန်းမှ အဖွဲ့ဝင်များ၊ တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စိုးဥမ္မာနှင့် မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ အသင်းဝင်များအပြင် ဒေသခံ ပြည်သူတစ်ချို့ လာရောက်ကာ စုပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စေတနာရှင်များမှလည်း အအေးနှင့်မုန့်များကို လုပ်အားဒါနပြုသူများအတွက် လာရောက်ဝေငှကြောင်း သိရသည်။
"အခုလို သုဿန်အတွင်း ခုတ်ထွင်ရှင်းလင်းတာ အင်မတန်ကောင်းပါတယ်၊ ဒီလိုသာ ပုံမှန်ရှင်းသွားရင် သုဿန်အတွင်း အုတ်ဂူတွေအကြား ပုန်းခိုနေတာတွေ၊ မသမာမှုတွေ လျော့သွားနိုင်လိမ့်မယ်လို့ ယူဆရပါတယ်.."ဟု သုဿန်အနီးတွင် နေထိုင်သူ အာခါတိုင်းရင်းသား တစ်ဦးက ဆိုသည်။
တာချီလိတ်မြို့မသုဿန်အတွင်း၌ အခြေချ နေထိုင်သူများရှိနေပြီး၊ မူးယစ်ဆေးဝါးသုံးစွဲသူများလည်း နေထိုင်နေလျက် ရှိကြောင်း သိရသည်။