တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး(ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရန်အောင်မြေ ဘောလုံးအသင်းမှ အနိုင်ရ

တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး(ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရန်အောင်မြေ ဘောလုံးအသင်းမှ အနိုင်ရ
စက်တင်ဘာ 3, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ( TSDP ) အရ ကျင်းပပြုလုပ်သော တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး(ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ စက်တင်ဘာလ(၃)ရက် ညနေ(၃)နာရီအချိန်က တာချီလိတ်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရန်အောင်မြေရပ်ကွက် ဘောလုံးအသင်း နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု ဘောလုံးအသင်းတို့မှ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ရန်အောင်မြေ ရပ်ကွက် ဘောလုံးအသင်းက လွယ်တော်ခမ်း ကျေးရွာအုပ်စု ဘောလုံးအသင်းအား (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ယင်းဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံးအဖြစ် ရှေ့တန်း အကောင်းဆုံးဆုကို ဒုတိယဆုရရှိသည့် လွယ်တော်ခမ်းဘောလုံးအသင်းမှ အိုက်လွင်မှ လည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆုကို စိုင်းအောင်ဟိန်းမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို အိုက်ယမှ လည်းကောင်း၊ ပထမဆု ရရှိသည့် ရန်အောင်မြေ ဘောလုံးအသင်းမှ လ၀မ်က အလယ်တန်း အကောင်းဆုံးကို လည်းကောင်း၊ စောဖြိုးဝင်းညိုက နောက်တန်း အကောင်းဆုံး ဆုကို လည်းကောင်း အသီးသီးတို့ကို တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တတိယရရှိသည့် ဆန်ဆိုင်း(ခ) ဘောလုံးအသင်းအား တာချီလိတ်မြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူး ၀င်းဇော် မှ လည်းကောင်း၊ ဒုတိယဆု ရရှိသည့် လွယ်တော်ခမ်း ဘောလုံးအသင်းအား မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုးမှ လည်းကောင်း၊ ပထမဆု ရရှိသည့် ရန်အောင်မြေဘောလုံးအသင်းအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် မှ လည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်သည်။

၂၀၁၅ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့က စတင်ကာ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ( TSDP ) အရ ကျင်းပပြုလုပ်သော တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆန်ဆိုင်း(က)၊ မကာဟိုခမ်း၊ တာလော့(က)၊ လွယ်တော်ခမ်း၊ မိုင်းဖုန်း(ခ)၊ ပါဆတ်၊ ၀မ်ကောင်း(ခ)၊ ဖန်မင်၊ တာလေ၊ ဆေခမ်း၊ ရန်အောင်မြေ၊ တာလော့(ခ)၊ မယ်ခေါင်၊ မိုင်းကိုး၊ မိုင်းဖုန်း(က)၊ ပုန်းထွန်၊ ၀မ်လုံး၊ ဆန်ဆိုင်း(ခ)၊ ၀မ်ကောင်း(က)နှင့် ၀ိန်းကျောက် စသည့် ဘောလုံးအသင်း စုစုပေါင်း အသင်း(၂၀)ပါဝင်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~