စက်တင်ဘာလ(၂၆)ရက်နေ့ ည(၇)နာရီကျော်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ KBZ Bank (2) ရှေ့ ထရမ်စဖောမာပေါ်တွင် စပါးကြီးမြွေတစ်ကောင် တက်နေ၍ အနီးအနားရှိ ပြည်သူတစ်ချို့ အလန့်တကြားဖြစ်စေခဲ့ပြီး အဆိုပါမြွေမှာလည်း ဓါတ်လိုက်ကာ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် မြွေအား အဆိုပါ ထရမ်စဖောမာပေါ်မှ ဖယ်ရှားနိုင်ခဲ့ကြောင်း မြို့မီးလင်းရေးရုံးခွဲ(အပိုင်း-၂)မှ သိရသည်။
"ပြီးခဲ့တဲ့ ရက်(၂၀)ကျော်လောက်ကလည်း အဲ့ဒီနားမှာပဲ အခုလို စပါးကြီးမြွေတစ်ကောင် ဖမ်းမိသေးတယ်၊ ဒီအကောင်နဲ့ဆိုရင်တော့ ဒီနေရာမှာ (၂)ကောင်ရှိပြီ"ဟု မြွေရှင်းလင်းရေးတွင် ပါဝင်သူ မီးလင်းရေးရုံးခွဲ(အပိုင်း-၂)မှ ကိုဟိန်းကို က ပြောပြသည်။
"မြို့ပေါ်မှာ ဒီလို စပါးကြီးမြွေ ခဏခဏ တွေ့နေတာတော့ လန့်စရာဖြစ်နေပြီ၊ တော်ကြာ ကလေးသူငယ်တွေကို မြိုတာမျိုးတွေဆိုရင်တော့ စိုးရိမ်စရာပဲ၊ ဘာပဲဖြစ်ဖြစ် သတိထားမှ.."ဟု သွားရောက်ကြည့်ရှုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယခုလို စပါးကြီးမြွေမှာ ဓါတ်တိုင်ပေါ်ရောက်ရှိသည်ကို မြို့မီးလင်းရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အပြင် အခြား သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြွေအား ရှင်းလင်းဖယ်ရှား နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၁၅)ရက် ည(၈)နာရီ(၁၅)မိနစ် ၀န်းကျင်အချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးရှိ နမ့်ယွန်းချောင်းအတွင်းမှ အရှည်(၆)ပေနှင့် (၉)လက်မရှိ စပါးကြီး မြွေတစ်ကောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ကိုဟိန်းကို