၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းနေရာ အပါအ၀င် စုစုပေါင်း (၁၂)ဦး ၀င်ရောက်ကာ လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးချယ်ခံကြမှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဌေးဝင်းမှ လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းလုံစံခတ်မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းစွံဆိုင်း ( မဲဆန္ဒနယ် အမှတ်(၁) )မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးခင်မောင်တင့် (မဲဆန္ဒနယ် အမှတ်(၂) )မှ လည်းကောင်း အသီးသီး ၀င်ရောက် ရွေးချယ်ခံမှာ ဖြစ်သည်။
မိုင်းယောင်းမြို့နယ်တွင်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းထွန်းအောင်မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးအိုက်ခမ်းလှိုင် ( မဲဆန္ဒနယ် အမှတ်(၁) )မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းရှဲန်တစ်လုံ (မဲဆန္ဒနယ် အမှတ်(၂) )မှ လည်းကောင်း ၀င်ရောက် ရွေးချယ်ခံမှာ ဖြစ်သည်။
ယင်းအပြင် တာချီလိတ်ခရိုင် NLD ပါတီဝင်ထဲမှ အာခါတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်းအဖြစ် ဦးယာကုတ် နှင့် လားဟူတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဂျွန်လီတို့မှ လည်းကောင်း ရှမ်းပြည်နယ်မဲဆန္ဒနယ်မြေများတွင် ၀င်ရောက်ရွေးချယ်ခံသွားမှာဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာချီလိတ်မြို့နယ်တွင် (၄)ဦး၊ မိုင်းဖြတ်မြို့နယ်တွင် (၃)ဦး နှင့် မိုင်းယောင်းမြို့နယ်တွင် (၃)ဦး အပြင် တိုင်းရင်းသားရေးရာအတွက် ကိုယ်စားလှယ်လောင်း (၂)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်းအဖြစ် (၁၂)ဦး ၀င်ရောက်ရွေးချယ်ခံကြမှာ ဖြစ်ကြောင်းနှင့် တာချီလိတ်ခရိုင်အတွင်း၌ ပါတီ(၉)ခုအနက် ပါတီ(၈)ခုမှ ၀င်ရောက်ရွေးချယ်ခံမှာဖြစ်ပြီး တစ်သီးပုဂ္ဂလအနေဖြင့်လည်း (၁)ဦး ပါဝင်ကြောင်း သိရှိရသည်။